အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဝန်ထမ်းတစ်ဦး အဂတိမှုဖြင့် ပြန်တိုင်ခံရ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဝန်ထမ်းတစ်ဦး အဂတိမှုဖြင့် ပြန်တိုင်ခံရ

ရန်ကုန်၊ သြဂုတ် ၂၃ ။         ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အရာထမ်းတစ်ဦးကို အဂတိဖြင့် တိုင်ကြားခဲ့မှု ရှိခဲ့သောကြောင့် စစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်မာလာတင်သည် တောင်သူအချို့ကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် အဂတိလိုက်စားမှုများရှိခဲ့ကြောင်း တိုင်ကြားခံရသဖြင့် ကော်မရှင်ရုံး၊ တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း ဦးမောင်မောင်တင်အား ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ မြောင်းမြမြို့သို့ စေလွှတ်ကာ စစ်ဆေးရေးမှူးအဖြစ် စစ်ဆေးခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ဦးမောင်မောင်တင်သည် ၎င်း၏လုပ်ပိုင်ခွင့်ရာထူးကို အသုံးပြု၍ ခြိမ်းခြောက်၊ အနိုင် အထက်ပြုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အစစ်ဆေးခံနေရသူ ဘဏ်မန်နေဂျာ ဒေါ်မာလာတင်၏ ကိုယ်စား ညီမဖြစ်သူ မတင်ဇာဇာထွေးက သြဂုတ် ၆ ရက်နေ့က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“တိုင်စာတစ်စောင်ပေးပို့ထားပါတယ်၊ကျွန်မ အစ်မကို စစ်တဲ ့အချိန်တုန်းက ကျွန်မအစ်မကို ဦးမောင်မောင်တင် က ခြိမ်းခြောက်ပြီးတော့၊ ဟိန်းဟောက်ပြီးတော့ စစ်တယ်ဆိုတဲ့ဟာအပေါ်မှာ မကျေနပ်လို့ တိုင်စာတစ်စောင် ပေးပို့ထားပါတယ်”ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသူ၏ ညီမ ဒေါ်တင်ဇာဇာထွေးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါကိစ္စအတွက် ဒေါ်တင်ဇာဇာထွေး၏ တိုင်ကြားစာကို ကော်မရှင်မှ သြဂုတ် ၈ ရက်နေ့တွင်  လက်ခံကာ သြဂုတ် ၁၅ ရက်တွင် ကော်မရှင်အစည်းအဝေးအမှတ်စဉ် ၅၆/၂၀၁၉ ကို ပြုလုပ်ပြီး ရှေးဦးစုံစမ်းရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးရန် ပြင်ဆင်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

“ တိုင်စာထဲမှာတော့ ဦးမောင်မောင်တင် ပြောကြားချက်တွေပေါ့။ ငါတို့အဖွဲ့ကိုဘာထင်နေလဲ။ ငါတို့အဖွဲ့က မကျေနပ်လို့ရှိရင် သမ္မတတောင် စစ်ဆေးအရေးယူပိုင်ခွင့်ရှိတယ်ဆိုတဲ့ စကားမျိုးတွေ၊ နင်တို့ ဥပဒေကို ဘယ်လောက်နားလည်လို့လဲ။ ငါက ဥပဒေစာအုပ်တစ်လုံးကို ထုံးလိုမွှေ၊ ရေလိုနောက်ပြီးတော့ ငါ လက်တစ်လုံးခြား လုပ်လို့ရတယ်ဆိုတဲ့စကားတွေလည်း ပါတယ်။ အဲဒါတွေက ကျွန်မကို ခြိမ်းခြောက်တယ်လို့ ခံယူတယ်။ အဲဒီလိုမျိုးလည်းထင်တဲ့အတွက် တိုင်ကြားတယ်” ဟု တိုင်ကြားသူ ဒေါ်တင်ဇာဇာထွေးက ပြောသည်။

ထို့ပြင် ငွေကြေးတောင်းခံမှုများလည်း ရှိခဲ့ကြောင်း တိုင်ကြားစာတွင် “နင့်အစ်မကို စစ်ရန် ဆင့်စာပို့တဲ့အချိန်က ငါ့ ဖုန်းနံပါတ်ပေးလိုက်တာပဲ၊ နင့်အစ်မက ဆင့်စာရောက်ကြောင်း ငါ့ဆီ ဖုန်းပြန်ဆက်တုန်းက ငါနဲ့ လာညှိရန် ပြောတာခဲ့တာပဲ၊အဲဒီအချိန်က ငါ့ကို ၁၅ သိန်း ၊၂၀ သိန်းပေးခဲ့ရင် အမှုဖွင့်ဖြစ်မှာ မဟုတ်ဘူး။ မာနတွေက ခေါင်ခိုက်နေတာကို။ အခုတော့ နင့်အစ်မ သုံးနှစ်၊ ငါးနှစ်လောက်တော့ ကျမှာပေါ့”ဟု ပြောဆိုခဲ့ကြောင်းကို ထည့်သွင်းရေးသားတိုင်ကြားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင်အနေဖြင့် ရှေးဦးစုံစမ်းရေးအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်ပေါ်မူတည်၍ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ကော်မရှင်ကျင့်ဝတ်တို့နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည် ဟု သြဂုတ် ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly