“တက်လာမယ့် သမ္မတက အရပ်သားထဲကပဲ ဖြစ်သင့်ပါတယ်”

ကမန် အမျိုးသားတိုးတက်ရေး ပါတီဒုဥက္ကဋ္ဌ ဦးလှတိုးသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။ ပါတီသည် ကမန် လူမျိုးများတည်ရှိရာ ရခိုင်ပြည်နယ်တွင်သာ လှုပ်ရှားမှု ပိုမို များပြားသည့် ပါတီငယ်တစ်ခု ဖြစ်သည်။

မကြာသေးခင်က Myanmar Now နှင့် ရန်ကုန်တွင် တွေ့ဆုံစဉ် အသက် ၅၆ နှစ် ရှိပြီဖြစ် သည့်  ကျောင်းဆရာဟောင်း ဦးလှတိုးက မဲဆန္ဒနယ်မြေ ရွေးချယ်မှု၊ ပါတီ၏ မဲဆွယ်စည်းရုံးမှု၊ ရွေးကောက်ပွဲပြီး ကာလ ဖြစ်နိုင်ချေများ၊ ၂ဝ၁၅ အလွန် သမ္မတစသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။ သတင်းထောက် အိချယ်ရီအောင်က တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

ကမန် အမျိုးသားတိုးတက်ရေး ပါတီကို မတည်ထောင်ခင်တုန်းက ဦးလှတိုး ဘယ်ပါတီမှာ လှုပ်ရှားခဲ့သလဲ။

အရင်တုန်းက ပညာရေးဝန်ထမ်း ကျောင်းဆရာဖြစ်တဲ့အတွက် ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ တာမွေ အ.ထ.က ၅ မှာ အထက်တန်း ကျောင်းသားတွေကို နောက်ဆုံး စာသင်ခဲ့ပါတယ်။ ၁၉၈ဝ တုန်းကစပြီး ကျောင်းဆရာ စလုပ်တာပဲ။ ၁၉၉၅ မှာတော့ ကျောင်းဆရာအလုပ်က နုတ်ထွက်ပြီး ၂ဝ၁ဝ မှာ ပါတီကို တည်ထောင်ခဲ့တာပါ။ ဝန်ထမ်းဘဝကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့တာပါ။ ဒါကြောင့် ပါတီတည်ထောင် ဖြစ်တာပါ။ အခုတော့ တခြား ဘာစီးပွားရေးမှ မလုပ်ပါဘူး။

ပါတီက ဘယ်ဒေသတွေမှာ ဝင်ပြိုင်မှာလဲ။

ရခိုင်ပြည်နယ်မှာ၂ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးမှာ၂ ယောက် ဝင်ပြိုင်မှာပါ။ ၄ ယောက် လုံးက အမျိုးသားတွေပါပဲ။

အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဘာကြောင့် ဝင်ရောက် မယှဉ်ပြိုင်တာပါလဲ။

ဗဟိုကော်မတီဝင် စုစုပေါင်း ၁၅ ဦးမှာ အမျိုးသမီး ၃ ဦး ပါပါတယ်။ ကျွန်တော်တို့က သူတို့ကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မဝင်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ၄ ယောက်ပဲ ဝင်လိုက်ရတာပါ။

ပါတီက ဘယ်ဒေသတွေမှာ အားကောင်းသလဲ။

ရခိုင်ပြည်နယ်ပါ။ အဲမှာက ကမန်လူမျိုး အများစု ရှိတယ်လေ။

ပါတီက ရခိုင်ပြည်နယ်မှာ အားကောင်းတယ်ဆိုပြီး အခုကျတော့ ကမန်လူမျိုးစု နည်းပါးတဲ့ မင်္ဂ လာတောင်ညွန့် မြို့နယ်ကို ရွေးချယ်ခဲ့တာ ဘာကြောင့်လဲ။

၂ဝ၁ဝ တုန်းက ရခိုင်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း အနိုင် မရရှိခဲ့ပါဘူူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီမှာက ကမန်လူဦးရေက ရခိုင်လူဦးရေလောက် သိပ်မများတဲ့ အတွက်ကြောင့်ပါ။ ရခိုင် ပြည်နယ်မှာက လူမျိုးရေး ခွဲခြားတာတွေ ရှိမယ်။ ရန်ကုန်မှာက လူမျိုးရေး ခွဲခြားတယ်ဆိုတာ မရှိဘူး။ ကိုယ်ကိုယ်တိုင်ကလည်း မင်္ဂလာတောင်ညွန့်မှာ နေတဲ့အတွက် ဒီမှာပဲ ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပါတီက လည်း တစ်နိုင်ငံလုံးကို စည်းရုံးမှာ ဖြစ်တဲ့အတွက် ရန်ကုန်မှာ ပြိုင်ဖြစ်တဲ့ သဘောပါ။ လွှတ်တော်ထဲ နေရာရရင်လည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကိစ္စကို ဦးစားပေးပြီး လုပ်ဆောင်သွားမှာပါ။ ကိုယ့်နိုင်ငံ ကိစ္စတွေ လုပ်သွားမှာပါ။ လွှတ်တော်မှာ ပြောတဲ့ စကားနဲ့အပြင်မှာ ပြောတဲ့စကား သိပ်မတူဘူးလေ။ လွှတ်တော်ပြင်ပက သမ္မတကိုပဲ စာလှမ်းရေးပြီး ပြောပြော၊ ဝန်ကြီးကိုပဲ စာလှမ်းရေးပြီးပြောပြော ဘာမှ ထူးခြားမလာဘူး။ မရွေ့ဘူး။ ဒါကြောင့် ပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မဲဆွယ်စည်းရုံးရေး ကာလက အများကြီး မရှိပါဘူး။ မဲဆွယ်ခွင့် ရတဲ့ကာလ အစောပိုင်းမှာ ပါတီက မဲမဆွယ်သေးတာ ဘာကြောင့်လဲ။

အောက်တိုဘာ ပထမပတ် လောက်မှာတော့ စည်းရုံးရေး လုပ်ပါမယ်။ နိုင်ငံရေး ပါတီဆိုပေမဲ့ လူအင်အား သိပ်မရှိသလို ငွေအင်အားလည်း သိပ်မရှိပါဘူး။ တခြားပါတီရဲ့လူ၊ ငွေ သုံးနိုင်မှုကိုလည်း မယှဉ်နိုင်ပါဘူး။ ၁ဝ လပိုင်းအတွင်းမှာ တစ်ပတ်ကို တစ်ကြိမ် လောက်တော့ စည်းရုံးရေး လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ပြည်သူအများစုက ပါတီကြီး နှစ်ခုကိုပဲ သိတဲ့ သဘောရှိတယ်။  ကမန်ပါတီက ကိုယ့်ကို အများ သိရှိပြီး စိတ်ဝင်စားလာအောင် ဘယ်လို မဲဆွယ်မလဲ။

ကျွန်တော်တို့ပါတီကို မေ့သွားမှာစိုးလို့ ရွေးကောက်ပွဲနီးမှ စည်းရုံးရေး လုပ်တာပါ။ ပါတီကြီး တွေကတော့ လူလည်းရှိတယ်၊ ငွေလည်း ရှိတယ်ဆိုတော့ လုပ်ချင်တာ လုပ်လို့ရတယ်။ အဲဒီ ပါတီတွေ နည်းနည်းငြိမ်မယ့် အချိန်မှာ ကိုယ့်ပါတီက စည်းရုံးရေး ထလုပ်မယ်။ 

ရက်အနည်းငယ် အတွင်းမှာ ကိုယ့်ပါတီကို လူသိအောင် ဘယ်လို လုပ်မလဲ။

ပြည်သူလူထုရဲ့ အခက်အခဲတွေကို လွှတ်တော်မှာ ဖြေရှင်းလို့ရအောင် တောင်းဆို ပေးသွား မယ်။ လမ်းမကောင်းတာတွေ ပြင်ဖို့အတွက်၊ လျှပ်စစ်မီးမရတာ၊ ရေမရတာ စတာတွေ အားလုံးရရှိ အောင် လွှတ်တော်မှာ တောင်းဆို ပေးသွားမယ်ဆိုပြီး အဲဒီ အချက်တွေပေါ်မှာ အခြေခံပြီး စည်းရုံးရေး လုပ်မှာပါ။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာက လုပ်ပေးလို့ ရတာမဟုတ်ဘူး၊ အစိုးရကို တောင်းဆို လို့ ပဲရပါတယ်။ ဒါကြောင့် လွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် အဲဒီအချက်တွေကို တောင်းဆိုသွား မှာပါ။

ရွေးကောက်ပွဲနေ့မှာ ပါတီရဲ့  မဲရုံ ကိုယ်စားလှယ်တွေက ဘယ်ဒေသတွေမှာ ရှိမလဲ။

မင်္ဂလာတောင်ညွန့် မြို့နယ်မှာတော့ မဲရုံတိုင်းကို ချသွားမှာပါ။ သာကေတ၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဗိုလ်တထောင် စတဲ့ မြို့နယ်တွေကျတော့ နည်းနည်းကြီးတဲ့ မဲရုံတွေမှာပဲ မဲရုံ ကိုယ်စားလှယ်လောင်း တွေ ထားရှိသွားမှာပါ။ ရခိုင်မှာဆိုရင်လည်း အရေးကြီးတဲ့ မဲရုံကြီးတွေမှာပဲ မဲရုံ ကိုယ်စားလှယ်လောင်း တွေ ထားသွားမှာပါ။ နေရာတိုင်းမှာ မဲရုံ ကိုယ်စားလှယ် မထားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူအင်အား သိပ်မရှိလို့ပါ။ လူအင်အား ဘယ်လောက်သုံးမလဲ ဆိုတာတော့ မဆုံးဖြတ် ရသေးပါဘူး။

ဘယ်ဒေသတွေမှာ အရွေးခံရမယ် ထင်ပါသလဲ။

သိပ်ပြီး မခန့်မှန်းရဲပါဘူး။ စာမေးပွဲ ဖြေတော့ဖြေတယ်။ ဂုဏ်ထူးတော့ မရလောက်ဘူး။ အမှတ် ၄ဝ လောက်နဲ့တော့ အောင်မယ်ထင်တယ်။ ကိုယ်စားလှယ်လောင်း တစ်ယောက်လောက် အနိုင်ရ လည်း မဆိုးပါဘူး။ ရန်ကုန်မှာ တစ်ယောက်လောက် အနိုင်ရအောင်တော့ ကြိုးစားသွားမှာပါ။ ရခိုင် ပြည်နယ်မှာ ရဖို့တော့ မလွယ်လောက်ဘူး ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီမှာက လူမျိုးရေး ခွဲခြားလို့ပါ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင် လူမျိုးကို မကြည့်ဘဲ လူကိုလူလိုပဲ ကြည့်ပြီး မဲပေးခဲ့လို့ အနိုင်ရခဲ့တာလို့ပဲ မြင်မှာပါ။

ရွေးကောက်ပွဲ မနိုင်ဘူးဆိုရင် ပါတီက ဘာဆက်လုပ်မလဲ။

ကမန် လူမျိုးတွေရဲ့ လိုအပ်ချက်တွေ လွှတ်တော်ပြင်ပကနေ တောင်းဆိုသွားမှာပါ။ ရေ၊ မီး၊ လမ်း မကောင်းတဲ့ကိစ္စတွေနဲ့ ကမန်လူမျိုးတွေရဲ့  အရေးကိစ္စတွေကို ဆောင်ရွက် သွားမှာပါပဲ။ ပါတီ တည်ထောင်ထားတဲ့ အတွက် သမ္မတ၊ ဝန်ကြီးတွေကို ကမန်လူမျိုးတွေရဲ့ လိုအပ်ချက်ကို သွားတွေ့ပြီး ပြောဆိုလို့ ရပါတယ်။ ပါတီ မရှိဘူးဆိုရင် သူတို့နဲ့တွေ့ပြီး လိုအပ်ချက်တွေ ပြောဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။

ဒီရွေးကောက်ပွဲက တရားမျှတမယ်လို့ မြင်လား။

မျှတတယ်၊ မမျှတဘူးဆိုတာက ပြောဖို့ စောသေးတယ်။ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အ စည်းတွေကလည်း စောင့်ကြည့်လေ့လာမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲနေ့ရောက်ရင် တကယ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ်ဆိုတာ ပေါ်မှာပါပဲ။

၂ဝ၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အပြောင်းအလဲ ဖြစ်နိုင်မလား။

ဒီရွေးကောက်ပွဲက အရင်လူတွေပဲ ရရင်တော့ သိပ်ပြီး ပြောင်းလဲလိမ့်မယ်လို့ မထင်ပါဘူး။ အတိုက်အခံပါတီ သို့မဟုတ် တိုင်းရင်းသား ပါတီတွေပါ အစိုးရထဲမှာ ပါလာမယ်ဆိုရင်တော့ အပြောင်း အလဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ညွန့်ပေါင်း အစိုးရသာဖြစ်ခဲ့ရင် တစ်ယောက်မှားတာကို တစ်ယောက် က ထောက်ပြတာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ကောင်းသွားမှာပါ။ ပါတီကြီးနှစ်ခုပဲဆို တိုင်းရင်းသားတွေ ရဲ့ မကျေနပ်ချက်တွေ ပေါ်လာဦးမှာပါပဲ။ စစ်ဘက်ကလာတဲ့ သမ္မတမဟုတ်ဘဲ အရပ်သား တစ်ယောက်ယောက်ကိုပဲ (သမ္မတ) ဖြစ်စေချင်ပါတယ်။ ဘယ်ပါတီကပဲ နိုင်နိုင်၊ တက်လာမယ့် သမ္မ တက အရပ်သားထဲကပဲ ဖြစ်သင့်ပါတယ်။ တပ်ကပဲ ယူနီဖောင်းလဲပြီး အုပ်ချုပ်တာ နှစ်ပေါင်း တော်တော်ကြာပြီပဲ။ သမ္မတ ဦးသိန်းစိန်ဆိုလည်း တပ်ကပဲလေ။ ပြည်သူကို ကိုယ်စားပြုတဲ့ သမ္မတ ဖြစ်စေချင်ပါတယ်။ စစ်တပ်ဆိုတာက တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆင်းလာတဲ့ သူဆိုတော့ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ် စစ်တပ်သွေးက တော့ပါလာပြီး သားပဲ။ အရပ်သားကတော့ ပြည်သူထဲက လာတဲ့သူ ဖြစ်တဲ့အတွက် ပြည်သူတွေ အခက်အခဲတွေကို စစ်တပ် ကလူထက် ပိုပြီး သိနေပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကို အရပ်သားသမ္မတ ဖြစ်စေချင်တာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲက ၂ဝ၁ဝ ရွေးကောက်ပွဲထက်တော့ ပိုပြီး ကောင်းလာမယ်လို့ မြင်ပါတယ်။

၅ နှစ်တာကာလ အတွင်းမှာ အစိုးရက ဘာတွေကို အပြောင်းအလဲ လုပ်နိုင်ခဲ့တယ်လို့ မြင်ပါသ လဲ။

အပြောင်းအလဲကတော့ အသင့်အတင့်ပဲ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကောင်းတာက တော့ လူတိုင်း ဖုန်းကိုင်နိုင်တယ်။ ကားဈေးတွေ ကျတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေး နိုင်ခဲ့တယ်။ မကောင်းတာကတော့ ရခိုင်ပြည်နယ်နဲ့  မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ ရခိုင်မှာ ၂ဝ၁၂ အရေးအခင်း ဖြစ်သွားတဲ့ အချိန်မှာစစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲက ကမန်လူမျိုးတွေက ကြားညှပ်ပြီး အကြမ်း ဖက် သမားတွေကြောင့် ပညာရေး၊ ကျန်းမာရေး အစုံဒုက္ခ ရောက်ခဲ့ရပါတယ်။ပဋိပက္ခ ဖြစ်လာရင် အစိုး ရအနေနဲ့ ငြိမ်းချမ်းအောင် အမြန်ဆုံး လုပ်သင့်ပါတယ်။ ဖြစ်ပွားမှုက တော်တော်လေး ကြာရှည်ခဲ့တဲ့အ တွက် ကမန်တွေအပြင် ပြည်သူလူထု တော်တော်များများရဲ့ အိုးအိမ် အဆောက်အအုံတွေ ဖျက်ဆီး ခံရပါတယ်။ မြန်မာနိုင်ငံမှာက တရားဥပဒေစိုးမိုးမှုက အားနည်းပါတယ်။ ဒါကြောင့် ၂ဝ၁၅ ရွေးကောက် ပွဲက တက်လာတဲ့ သမ္မတက တရားဥပဒေ စိုးမိုးမှု အားကောင်းအောင် အဓိက ဦးစားပေးပြီး လုပ်သင့် ပါတယ်။ အရေးအခင်း တစ်ခုဖြစ်တယ်ဆိုတာနဲ့ အဲဒါကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ အဆင်သင့် ဖြစ်နေရ ပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags