သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်း လျှို့ဝှက်ချက်

သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်း လျှို့ဝှက်ချက်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ကျွန်တော်တို့မြန်မာပြည်မှာတော့ သကြားညိုကို အသုံးပြုတာ ရှားပါတယ်။ သူက အချိုဓာတ်အရသာ ပေးစွမ်းပေမယ့် သကြားအဖြူလိုမျိုး ဆီးချိုရောဂါဖြစ်စေတဲ့အထိတော့ ဒုက္ခမပေးပါဘူး။ ဟင်းချက်တဲ့နေရာမှာရော၊ မုန့်ဖုတ်တဲ့နေရာမှာပါ အသုံးပြုလို့ရတဲ့ သကြားညိုဟာ အသားအရေထိန်းသိမ်းတဲ့ နေရာမှာလည်း သုံးလို့ရနိုင်တယ်ဆိုရင် စိတ်ဝင်စားကြမလား ပျိုမေတို့ရေ။
သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်းရဲ့ ကောင်းကျိုးများ

၁။ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ခြစ်ထုတ်တဲ့နေရာမှာ သကြားညိုကို အသုံးပြုနိုင်ပါတယ်။ နူးညံ့အိစက်တဲ့ အထိအတွေ့လေးနဲ့ အစိုဓာတ်ပါထိန်းပေးလို့ မျက်နှာကြေးချွတ်ပြီးသွားရင်တောင် အသားအရေကို ခြောက်သွားတာမျိုး မဖြစ်စေဘဲ အေးမြစိုပြေစေပါတယ်။

၂။ ချွေးပေါက်ထဲမှတစ်ဆင့် အရေပြားအောက်အလွှာတွေအထိ အစိုဓာတ်နဲ့ ရေဓာတ်ကို ဖြည့်ပေးလို့ အသားအရေမွဲခြောက်နေတာမျိုး မရှိဘဲ ကြည်ကြည်လေးနဲ့ သန့်နေစေပါတယ်။

၃။ အမြဲတမ်း အသုံးပြုပေးမယ်ဆိုရင် နဂိုအသားအရေထက် ဝင်းမွတ်တောက်ပလာပြီး နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ ဝက်ခြံ၊ အဖုအပိမ့်၊ အမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေတယ်။ ဘက်တီးရီးယားပိုးကိုလည်း သေစေလို့ အရေပြားပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ ခန္ဓာကိုယ်ရဲ့ မယ်လနင်ထုတ်လုပ်နှုန်းကို ထိန်းညှိပေးလို့ အသားမည်းသွားတာ၊ မွဲခြောက်ခြောက်နဲ့ ကြမ်းနေတာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ အရေးအကြောင်းထင်တာတွေကို ကာကွယ်ပေးပါတယ်။

၆။ ဘယ်လိုအသားအရေမျိုးအတွက် မဆို အဆင်ပြေစေပြီး အရမ်းလည်း မကြမ်းတာမို့ သုံးပြီးတာနဲ့ အသားအရေပွန်းပဲ့မှာ၊ ဓာတ်မတည့်ဖြစ်မှာကို ပူစရာမလိုပါဘူး။
ဒါဆိုရင် သကြားညိုကို ဘယ်လိုအသုံးပြုမလဲ။

၁။ ပျားရည်နဲ့ သကြားညိုကို ဆတူရောစပ်ပြီး သမအောင် မွှေပေးပါ။ လာဗင်ဒါ သို့မဟုတ် စံပါယ်ပန်းအဆီအနှစ် နည်းနည်းလောက် ထပ်ရောပြီးရင် ရလာတဲ့ အနှစ်ကို မျက်နှာ၊ လည်ပင်းနေရာအနှံ့ကို သုတ်လိမ်းပြီး သကြားတွေ အရေပြားပေါ်မှာ အရည်ပျော်သွားတဲ့အထိ နှိပ်နယ်ပေးပါ။ ၅မိနစ်လောက်ထားပြီးသွားရင် ရေကျက်နွေးနဲ့ ပြောင်စင်အောင် ဆေးလိုက်ပါ။

၂။ သကြားညိုထဲကို အုန်းဆီလိုသလောက်ထည့်ပြီး သမအောင်မွှေပေးပါ။ စေးပျစ်ပျစ် အနှစ်မျိုးရလာပြီဆိုရင် အရေပြားအနှံ့ကို သေချာပွတ်လိမ်းပေးပါ။ ဝက်ခြံ၊ အဖုအပိမ့်တွေရှိရင်တော့ ဖြည်းဖြည်းချင်း စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေးရပါမယ်။ ပြီးသွားပြီဆိုရင် ရေကျက်နွေးနဲ့ ပြန်ဆေးချလိုက်ပါ။ အုန်းဆီအစား သံလွင်ဆီ၊ အော်လ်မွန်စေ့အဆီကို အသုံးပြုလို့လည်း ရပါတယ်။

၃။ အသားအရေအတွက် နတ်ဆေးတစ်ပါးလို့ခေါ်တဲ့ ရှားစောင်းလက်ပပ်မှရတဲ့ အနှစ်ကို သကြားညိုရောပြီး အသုံးပြုလို့လည်း အဆင်ပြေပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပျားရည်၊ နွားနို့၊ သံပရာရည်နဲ့လည်း ရောမွှေပြီး လိမ်းလို့အဆင်ပြေပါတယ်။

ဒီနည်းလမ်းတွေကို တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်လုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ နေ့တိုင်းလိုလို လုပ်တာထက် နှစ်ရက်ခြား တစ်ခါလောက် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒီကိုယ်တိုင်လုပ် Scrub လေးတွေ အသုံးပြုပြီးသွားရင် အသားအရေကို အစိုဓာတ်ထိန်းခရင်မ်နဲ့ ပြန်လိမ်းပေးနိုင်ရင်တော့ အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကောင်းကို ပိုင်ဆိုင်ရမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly