UNFC ၏ လုပ်ငန်းအချို့ယာယီရပ်ဆိုင်းထားခြင်းအပေါ် အဖွဲ့ဥက္ကဋ္ဌရှင်း

UNFC ၏ လုပ်ငန်းအချို့ယာယီရပ်ဆိုင်းထားခြင်းအပေါ် အဖွဲ့ဥက္ကဋ္ဌရှင်း

ရန်ကုန်၊ သြဂုတ် ၃ ။       ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အဖွဲ့ကိုဖျက်သိမ်းလိုက်ခြင်းမျိုး မဟုတ်သေးဘဲ လုပ်ငန်းအချို့ကိုသာ ယာယီရပ်ဆိုင်းထားခြင်းဟု UNFC  ဥက္ကဋ္ဌ နိုင်ဟံသာက မဇ္စျိမသို့ ပြောသည်။

“ အပြီးတိုင်ရပ်ဆိုင်းတာမဟုတ်ဘူး။ ခေတ္တကျွန်တော်တို့ ယာယီလုပ်ငန်းတစ်ချို့့ကိုရပ်နားထားတယ်။ လုပ်ငန်း တစ်ချို့ကိုတော့ ဆက်လုပ်သွားမယ် ”  ဟု ၎င်းကဆိုသည်။

(UNFC) အနေဖြင့် ရုံးလုပ်ငန်းနှင့် ဌာနဆိုင်ရာလုပ်ငန်းအချို့ကိုသာ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး အဖွဲ့ အနေဖြင့် အလုပ်လုပ်ရန်လိုအပ်နေသည့်အပိုင်းများကို ဆက်လက် လုပ်ဆောင်နေဆဲဟုဆိုသည်။
ထို့အပြင် လိုအပ်ပါက အစည်းအဝေးများကို အဖွဲ့ဝင်များအကြားပြုလုပ်သွားရန်ရှိနေသေးကြောင်းလည်း နိုင်ငံဟံသာကပြောသည်။

အဆိုပါဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ်လ ၁ ရက်နှင့် ၂ ရက်နေ့ထိကျင်းပပြုလုပ်ခဲ့သည့် UNFC ၏ အရေးအပေါ် ကောင်စီဝင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

UNFC အဖွဲ့ထဲ၌ အစိုးရနှင့်ဆွေးနွေးရာတွင် NCA ရေးထိုးထားသည့်အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ အကြား မတူညီသည့်အခြေအနေများနှင့် အဖွဲ့ဝင်များအကြား မတူညီသောမူဝါဒများကြောင့် ပူးပေါင်းလုပ် ဆောင်ရန်ခက်ခဲလာသောကြောင့် ယင်းအစည်းဝေးတွင် UNFC အဖွဲ့၏ လုပ်ငန်းတချို့ကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

UNFC အဖွဲ့တွင်  မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ ရခိုင်အမျိုး သားကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပါဝင်သည်။

သို့သော် အဆိုပါအစည်းအဝေးသို့အဖွဲ့ဝင်ဖြစ်သည့် SSPP မှာတက်ရောက်လာခဲ့ခြင်းမရှိသလို အစည်းအဝေး ပထမရက်တွင်တက်ရောက်ခဲ့သည့် ANC အဖွဲ့မှာလည်း အစည်းအဝေး ဒုတိယရက်တွင် တက်ရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

အထက်ပါ အဖွဲ့ဝင် ၅ ဖွဲ့တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် NCA စာချုပ်လက်မှတ်ရေးထိုးထားပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) သည်လည်း အစိုးရနှင့် NCA ရေးထိုးရန်ဆွေးနွေးနေသည့်အဖွဲ့လည်းဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly