သာသနာတော်ညှိုနွမ်းစေမှု ဖြင့် အမေရိကန်သံအမတ် အပါအဝင် သုံးဦးကို တရားစွဲဆိုမည်

သာသနာတော်ညှိုနွမ်းစေမှု ဖြင့် အမေရိကန်သံအမတ် အပါအဝင် သုံးဦးကို တရားစွဲဆိုမည်
 Photo-EPA/NYEIN CHAN NAING

ရန်ကုန်၊ ဇူလိုင်လ ၃၁ ။          ။ အမေရိကန်သံရုံး၏ လူမူကွန်ယက်စာမျက်နှာပေါ်တွင် တင်ခဲ့သည့် ဓာတ်ပုံ ၊ ပန်းချီကားနှင့်ပတ်သက်၍ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက အမေရိကန်သံအမတ် ၊ မူရင်းရေးဆွဲသူ နှင့် အွန်လိုင်းပေါ်သို့ တင်သူ တို့ကို တရားစွဲဆိုသွားမည်ဟု မဇ္စျိမ သတင်းဌာန သို့ မိန့်ကြားသည်။

“အမေရိကန်သံရုံးကနေ ကြီးမှူးကျင်းပတဲ့ ပန်းချီပြပွဲတစ်ခုမှာ မြန်မာပြည်နိုင်ငံသူနိုင်ငံသား ၈၆ ရာခိုင်နှုန်း ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရဲ့ ပုံတော်မျက်နှာဖုံးကို အသက်ရှူကိရိယာလို့ သူတို့ကပြောပေမယ့် အောက်က အဝတ်က မာတုကာမများဝတ်ထားတဲ့အဝတ်တန်ဆာနဲ့ တူနေတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ပုံကို ၈၆ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ အသည်းနှလုံးကို နာကြည်းစေတယ်။ ဘုန်းကြီးက အမေရိကန်သံအမတ်နှင့်တကွ ဒီပုံကို ဆွဲသူ၊ တင်သူတို့ကို လူမှုကွန်ယက်စာမျက်နှာပေါ်တင်သူတို့ကို တရားစွဲ ဆိုသွားမှာပါ” ဟု မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။

အဆိုပါကိစ္စအတွက် မကွေးကျောင်းတိုက်ဆရာတော်အနေဖြင့် သြဂုတ်လ တစ်ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကမာရွတ်မြို့နယ် တရားရုံးသို့ဦးတိုက်လျောက်မည် ဖြစ်ကြောင်းသိရသည်။

“သာသနာကို ညှိုးနွမ်းအောင် ဗုဒ္ဓဘာသာသနာကို ညှိုနွမ်းအောင် လုပ်သည့်အတွက်ကြောင့် ပုဒ်မ ၂၉၅ -က တွေ့နဲ စွဲဆိုသွားမှာပါ” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ဇူလိုင် ၂၆ ရက်နေ့တွင် မြန်မာလူငယ်တစ်ဦးက သရုပ်ဖော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံတွင် ဓာတ်ငွေ့ကာ မျက်နှာဖုံး တပ်ဆင်ထားသည့်ပုံကို အမေရိကန်သံရုံးဖေ့ဘွတ်ခ်ပေ့ချ်တွင်တင်ထားခဲ့ရာ “ ဗုဒ္ဓသည် သရုပ် ဖော်ရန် မဟုတ်၊ ဘာသာတရားကို လေးစားရန်” အစရှိသည်တို့ကို ဖေ့ဘွတ်သုံးစွဲသူအများအပြားက ယင်းပေ့ချ်တွင် လာရောက် ကန့်ကွက် ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ကန့်ကွက်ခဲ့ကြပြီးနောက် ဇူလိုင် ၂၇ ရက်တွင် ပေ့ချ်မှ ယင်းပုံကို ဖြုတ်ချကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဘက်မှ မိမိတို့ ရပ်တည်ပြီး အဆိုပါအနုပညာလက်ရာသည် ဆိုးဝါးလှသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရပြဿနာများအတွက် အလေးအနက် စဉ်းစားဆင်ခြင်မှုများပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း လှုံ့ဆော်ပေးနိုင်ခဲ့သည့် အနုပညာလက်ရာတစ်ခု ဖြစ်သည်ဟုလည်း မိမိတို့ မျှော်လင့်ပါသည်” ဟု အမေရိကန်သံရုံး၏ ဇူလိုင် ၂၇ ရက်၊မွန်းလွဲ ၁ နာရီခန့်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထား သည်။

၎င်းတို့အနေဖြင့် ဘာသာပေါင်းစုံအပေါ်တွင်လည်း လေးစားမှုရှိကြောင်းပါ ထပ်မံပြောကြားလိုကြောင်းပါ ထည့်သွင်း ဖော်ပြထားသည်။

မြန်မာလူငယ်များ၏ အသံများကိုဖော်ကျူးထားတဲ့ “Insight Out” ပန်းချီပြပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပန်းချီပြပွဲ ရည်ရွယ်ချက်မှာ လေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင်ကို အလေးထားဖော်ကျူးခြင်း ဖြစ်ကြောင်း အမေရိကန်သံရုံးဘက်မှ ဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly