သင်္ဃန်းကျွန်း NLD ရုံးရှေ့လက်ပစ်ဗုံးတွေ့ရှိမှုမှ ဆက်စပ်သံသယ ရှိသူ၏မော်တော်ယာဉ်ကို ဖမ်းမိ

သင်္ဃန်းကျွန်း NLD ရုံးရှေ့လက်ပစ်ဗုံးတွေ့ရှိမှုမှ ဆက်စပ်သံသယ ရှိသူ၏မော်တော်ယာဉ်ကို ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၃၀ ။         ။ သင်္ဃန်းကျွန်း NLD ရုံးရှေ့ လက်ပစ်ဗုံးတွေ့ရှိမှုအတွက် သံသယရှိသူ၏ မော်တော်ယာဉ်အား ရှာဖွေဖမ်းဆီးနိုင်ပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး က မဇ္စျိမ သတင်းဌာနသို့ အတည် ပြုခဲ့သည်။

"ဟုတ်ပါတယ်။ မိပါပြီ ။ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၅ ရပ်ကွက်ရဲ့လမ်းဘေးမှာ ရပ်ထားပါတယ်။ မိတဲ့ကား က 7G/5812 Probox ခဲရောင်ပါ။ လိုင်စင်က အတုပါ။အဲဒီနံပတ်နဲ့ ကားက  အမှန်က အငှားယာဉ်ပါ "  ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး က ဖြေကြားသည်။

အဆိုပါ မော်တော်ယာဉ်ကိုဖမ်းဆီးရမိကြောင်း နှင့် ယင်းမော်တော်ယာဉ်မှာ လိုင်စင်မဲ့ ဖြစ်ကြောင်းကိုသာ ဦးမောင်မောင်ဦးက အတည်ပြုပြောကြားခဲ့ပြီး ကျန်ရှိသည့် အပိုင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့သည်။

" ရဲလုပ်ငန်းတွေအနေနဲ့ စစ်ဆေးဆောင်ရွက်နေတုန်းပါ။ စုံစမ်း စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ် " ဟု မော်တော်ယာဉ် ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်း မြို့နယ်၊ ဘဝမြင့်ရပ်ကွက် မလိခအိမ်ရာဝင်းအနီး ၊ မလိခအိမ်ရာ လမ်းပေါ် ရှိ NLD ပါတီရုံးအရှေ့တွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တွေ့ရှိသည့် လက်ပစ်ဗုံးကို သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဖြုတ်ယူသိမ်းဆည်းသွားခဲ့သော် လည်း တစ်ပတ်နီးပါး ကြာသည့်အထိ လက်ပစ်ဗုံးအမျိုးအစား ကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly