လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများအတွက် ပုသိမ် AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တောင်းဆို

လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများအတွက် ပုသိမ် AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တောင်းဆို

ပုသိမ်၊ ဇူလိုင် ၂၉ ။            ။ ပုသိမ်မြို့ AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာနှင့် အလုပ်သမား အခွင့် အရေးများအတွက် ဇူလိုင်၂၉ရက်နေ့ နံနက်ပိုင်းတွင် စက်ရုံအရှေ့၌ တောင်းဆိုခဲ့ကြပြီး ယင်းတောင်းဆို ချက်များနှင့်ပတ်သက်၍ နှစ်ဘက်ညှိနှိုင်းနေကြောင်း သိရှိရသည်။

“လိုင်းထဲကလူတွေကို ဟိုလိုင်းပို့ဒီလိုင်းပို့ သူဌာနနဲ့သူမထားဘဲ အဲဒီလိုမျိုးလုပ်တာတွေ၊လိုင်းထဲမှာရှိပါတယ်။ မိန်းခလေးတွေကိုလက်ကုပ်တာတို ့ရှိတယ်။ နိုင်ငံခြားသားတွေပဲပေါ့ ၊အဲဒါတွေကို တောင်းဆိုထားတဲ့ အချက် တွေ ရှိတယ်”ဟု MAVA အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂမှ မလှလှအေးက ပြောသည်။

တောင်းဆိုချက်များတွင် အလုပ်သမားများ၏ဆန္ဒမပါဘဲ အလုပ်ဌာနပြောင်းရွှေ ့ခြင်း၊လိုင်းပြောင်းရွှေခြင်းများ မပြုလုပ်ဘဲ ဌာနလိုင်းပုံသေသတ်မှတ်ပေးရန်၊ အဝေးသင်တက္ကသိုလ် တက်ရောက်ရမည့် အလုပ်သမားများအား ကျောင်းတက်ရန်အတွက် လစာမဲ့ခွင့်ရက် ၄၅ရက်အား ခွင့်ပြုပေးရန်နှင့် အလုပ်ထုတ်ပယ်ခြင်း မပြုလုပ်ရန်၊ လုံခြုံရေး အလုပ်သမားများ၏ ဖေဖော်ဝါရီလ၂၀၁၉အတွက် ရရှိရန် ကျန်နေသေးသော အချိန်ပိုလုပ်အားခများ အား ယခုလကုန် လစာတွင် ထည့်သွင်းပေးချေသွားရန် စသည်အချက်များအား တောင်းဆိုခဲ့သည်။

“ဖေဖော်ဝါရီလမှာ ကျန်သေးတဲ့ အချိန်ပိုလုပ်ခလစာတွေမရဘူး။ ဒီမှာလုပ်နေတဲ့ ကလေးတွေမှာ အဝေးသင် တက်နေတဲ့ ကလေးတွေရှိတယ်။ အဲဒီအချိန်ဆို ခွင့်မပေးဘဲနဲ ့ဒီအတိုင်းထွက်ခိုင်းတယ်။ ပြန်ပြီးအလုပ်လုပ်ဖို ့ ကလေးတွေက တောင်းဆိုတာ ကလေးတွေက ပညာရေးတက်နေတာလေ”ဟု AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ လုံခြုံရေးဝန်ထမ်း ဦအောင်ကျော်ဦးကပြောသည်။

ထို့အပြင် အလုပ်သမားများ၏ အခက်အခဲများ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားခံရမှုများ၊ အခွင့် အရေး ချိုးဖောက်ခံရမှုများအား တိုင်ကြားမှုပြုသော်လည်း စနစ်တကျဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဘဲ အပြစ်မဲ့ အလုပ်ထုတ်ခြင်းများကို ဦးဆောင် ပြုလုပ်နေသာ H.R Manager ဦးရန်နိုင်စိုးအား တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူပေးရန်ကိုလည်း တောင်းဆိုချက် ၁၉ချက်၌ ထည့်သွင်းတောင်းဆိုခဲ့သည်။

“ဘာတွေ မကျေနပ်လဲဆိုတော့ ပညာရှင်တွေ နိုင်ငံခြားသားခေါင်းဆောင်တွေက ဆဲဆိုတာတွေ ၊ ကြိမ်းမောင်းတာတွေ လက်တွေဆွဲပြီး အော်ဟစ်ကြိမ်းမောင်းတာတွေ ပွတ်သပ်တဲ့ ကိစ္စတွေအပေါ်မှာ မကျေနပ်တာတွေပါတယ်။ ခလေးတွေဟာ ဥပဒေပါ ခွင့်ရက် အလုပ်ပိတ်ရက်တွေကို ခံစားတဲ့အခါမှာ ခွင့်ရက်တွေ တောင်းတဲ့အခါမှာ သူတို့ရဲ့ ရက်မှန်ကြေးတွေကို ဖြတ်တောက်တဲ့ကိစ္စတွေ အပြစ်မဲ့ အလုပ်ထုတ်နေတာ လုပ်ငန်းခွင် စာချုပ်ပါ စည်းကမ်းတွေကို မလိုက်နာဘဲ အပြစ်မဲ့ အလုပ်ထုတ်တာတွေကို မကျေနပ်တာ ပါတယ်။ နောက် တက္ကသိုလ်တက်မယ့် ကျောင်းသားတွေကို အလုပ်ထုတ်တာတွေ ပါတယ်။အားလုံးပေါင်း တောင်းဆိုချက် ၁၉ချက် ပါတယ်”ဟု အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့မှ ဒေါ်ခခကပြောသည်။

AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏ တောင်းဆိုမှုများအတွက် လက်ရှိအချိန်တွင် စက်ရုံဘက်မှ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ ့ဆုံညှိနှိုင်းနေကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly