တစ်စုံတစ်ဦး၏ ညွှန်ကြားချက်ကြောင့် ပါတီထောင်ခြင်းမဟုတ်ဟု ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ပြော

တစ်စုံတစ်ဦး၏ ညွှန်ကြားချက်ကြောင့် ပါတီထောင်ခြင်းမဟုတ်ဟု ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇူလိုင် ၂၈ ။           ။ တစ်စုံတစ်ဦး၏ ညွှန်ကြားချက်ကြောင့် ပါတီထောင်ခြင်းမဟုတ်ဟု ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ တုန့်ပြန်ပြောဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၏ ညွှန်ကြားချက်ဖြင့် တည်ထောင်ခြင်း ဟု ထင်မြင်နေကြသည့်အပေါ် မီဒီယာများသို့ ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ဘဝအတွေ့အကြုံ၊ ခံစားလာခဲ့တဲ့အသိ၊ အဲ့ဒီ နိုင်ငံရေး အသိအမြင်၊ အတွေးအခေါ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပြီးမှ၊ ညှိနှိုင်းပြီးမှ၊ သီးခြားဖွဲ့စည်းခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ မည်သည့် နိုင်ငံရေးအတွေးအခေါ်နဲ့မှ ဖွဲ့စည်းခဲ့တဲ့ ပါတီ မဟုတ်ပါဘူး” ဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးမောင်(ငြိမ်း)က ပြောသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမောင်(ငြိမ်း)၊  ဒုဥက္ကဋ္ဌများအဖြစ် ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)၊ ဦးစိုးဝင်းတို့က ဦးဆောင်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။

“ ဘယ်က အထောက်အပံ့မှ မရှိပါဘူး။ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ခံယူချက်၊ ယုံကြည်ချက်တူတဲ့ နိုင်ငံသားလုပ်ငန်းရှင်များ၊ စေတနာရှင်များ၊ တတ်သိပညာရှင်များ ရဲ့ ကူညီထောက်ပံ့မူကိုတော့ အမြဲတမ်းကြိုဆိုပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ပြောသည်။

ထို့ပြင် ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်ထားသည်ထက် တိုင်းပြည်ကိုကောင်းစားစေချင်သည့် လူ၏ စေတနာ အပေါ် မူတည်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းပါတီကို အမျိုးသားနိုင်ငံရေးပါတီနာမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားခဲ့သော်လည်း ခွင့်မပြုသောကြောင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနာမည်ဖြင့် လျှောက်ထားခဲ့ရာ မေ ၁၇ ရက်နေ့က မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပါတီအနေဖြင့် အမျိုးသားစီးပွားရေးကို ပထမထား ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ပြီး မည်သည့်ပါတီ၊ အဖွဲ့အစည်းများဖြင့် ထိပ်တိုက်တွေ့စရာမရှိဘဲ မိမိလမ်း မိမိကိုယ်တိုင် လျှောက်လှမ်းနေခြင်းဟု ပါတီ တာဝန်ရှိသူများဘက်က ဆိုသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကိုတည်ထောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးမောင်(ငြိမ်း)သည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဥပဒေချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က သမ္မတရုံးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)သည် ပင်စင်ယူပြီးနောက်ပိုင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် အောင်ပြည့်စုံနာမည်ဖြင့် ထမင်းဆိုင်ဖွင့်လှစ်ထားပြီး ရိုးရိုးရှင်းရှင်းနေထိုင်သူတစ်ဦးအဖြစ် လူသိများသည်။

ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သော ဦးစိုးဝင်းသည် အရပ်ဖက်မှဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ဘက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly