ARSA နှင့် ပူးပေါင်းခြင်း မဟုတ်ဘဲ AA အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆို

ARSA နှင့် ပူးပေါင်းခြင်း မဟုတ်ဘဲ AA အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆို

ရန်ကုန်၊ ဇူလိုင် ၂၇ ။        ။ ဇူလိုင် ၂၆ ရက်က  ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရုံးစခန်းအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ARSA နှင့် ပူးပေါင်းခြင်း မဟုတ်ဘဲ AA အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“ ပစ်ခတ်မှုမှာ ကျွန်တော်တို့ AA တစ်ဖွဲ့တည်းက ပြုလုပ်တာ ဖြစ်တယ်။ ဘယ်သူတွေနဲ့မှလည်း ပူးပေါင်း ဆောင်ရွက်တာ မရှိဘူး။ ARSA၊ AA အဲဒီလိုမျိုး ပြောတာက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပဲ ဖြစ်တယ်။ အခုတစ်ခါ စွပ်စွဲတာမဟုတ်ပါဘူး။ အရင်တုန်းကလည်းပဲ တောက်လျှောက် စွပ်စွဲလာတယ်။ ကျွန်တော်တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်ချင်တာကြောင့် အဲဒီလိုမျိုး စွပ်စွဲနေတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ညောင်ချောင်းနယ်မြေရုံးစခန်းကို AA နှင့် ARSA ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ထားချက်အပေါ် ယင်းသို့ ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါပစ်ခတ်မှုမှာ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် လေးနာရီ ၁၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ် (AA) ဘက်မှ ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသူ စုစုပေါင်း သုံးဦး ရှိကြောင်းလည်း AA ဘက်မှ မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

တိုက်ခိုက်ရမှုအကြောင်းအရင်းနှင့်ပတ်သက်ပြီး ညောင်ချောင်းနယ်မြေရုံးစခန်းမှာ ဒေသခံများကို ဖမ်းဆီးခြင်း နှင့် ဘူးသီးတောင်နှင့် ရသေ့တောင်တို့ရှိ စစ်ဆင်ရေးအဖွဲ့များသို့ ရိက္ခာ ထောက်ပံ့ပေးသည့်နေရာ ဖြစ်သောကြောင့်ဟု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

အဆိုပါပြောဆိုချက်အပေါ် မဇ္စျိမမှ ဇူလိုင် ၂၇ ရက်ညနေပိုင်းတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဆက်သွယ်သော်လည်း ဇူလိုင် ၂၇ ရက် ညနေ ခြောက်နာရီခွဲအထိ လတ်တလော ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

တပ်မတော်ထုတ်ပြန်ချက်တွင်မူ AA/ARSA ပူးပေါင်းအဖွဲ့မှ  ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေ ရုံးစခန်းကို အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သောကြောင့် မိမိစခန်းကျဆုံးမှုမရှိဘဲ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျည်ထိမှန်ဒဏ်ရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး နယ်မြေရုံးဝန်းကျင်အား ရှင်းလင်းရာ M-22 တစ်လက်၊ M-79 မမဗုံးပစ်လောင်ချာ တစ်လက်၊ ကျည်အိမ် ရှစ်ခု၊ ကျည် ၄၀ ၊ ၄၀ မမဗုံးသီး နှစ်လုံး၊ လက်ပစ်ဗုံး ၁၇ လုံး၊ လက်လုပ်မိုင်း ခြောက်လုံးနှင့် ကျောပိုးအိတ် ၁၃ လုံးတို့အပြင် AA ဘက်မှကျဆုံးသူများထံမှ အားကစားဝတ်စုံ၊ ဆေးထိုးအပ်များ၊ ဆေးဝါး များ၊ ဆေးဝါးကုသသည့်ပစ္စည်းများ၊ မိုးကာအကျႌများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယနေ့ ဇူလိုင် ၂၇ ရက်တွင်လည်း မင်းပြားမြို့နယ် ကုလားမတောင်ရွာ အရှေ့ဘက် နှင့် ကျောက်တော်မြို့နယ် တို့တွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲအကြီး အကျယ်ဖြစ်ပွားခဲ့သေးကြောင်း AA ဘက်မှ ပြောဆိုသည်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သည့် AA နှင့် တပ်မတော်ကြားတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် အတွင်း ဒေသခံ ငါးသောင်းခန့်မှာ စစ်ဘေးတိမ်းရှောင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်ကြုံတွေ့နေကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required