ရခိုင်စင်ကာပူအသင်းသားများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ချုပ်ရက်ထပ်တိုး

ရခိုင်စင်ကာပူအသင်းသားများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ချုပ်ရက်ထပ်တိုး

ရန်ကုန်၊ ဇူလိုင် ၂၆ ။       ။ ရက္ခိုင့်တပ် (AA) နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်စွပ်စွဲခံထားရသည့် ကိုအောင်မြတ်ကျော်ပါ ကိုးဦးကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် ရဲတပ်ဖွဲ့မှချုပ်ရက် ရမန် ထပ်တိုး တောင်းခဲ့သည်။

ဇူလိုင်လ ၂၆ ရက် (ယနေ့) တွင် ယခင်ယူထားသောချူပ်ရက်ပြည့်သွားသောကြောင့် အမှုကိုထပ်မံစုံစမ်း စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့မှ ချုပ်ရက် ရမန် နောက်ထပ် ၁၄ ရက် ထပ်တိုးတောင်းခံခဲ့ခြင်းလည်းဖြစ်သည်။

“ဒါက ကျွန်တော်တို့ တရားစွဲတင်တဲ့အခြေအနေမဟုတ်သေးပါဘူး။ အမှုစုံစမ်းစစ်ဆေးဖော်ထုတ်ဖို့အတွက် ချုပ်မိန့် ရမန်တောင်းခံတဲ့အဆင့် ပဲရှိပါသေးတယ်။ ပြောရင် ရဲစုံစမ်းတဲ့အဆင့်ပဲရှိပါသေးတယ်။ ကိုးရက် ရှစ်လ ၂၀၁၉ ထိ ရမန်ကို ချုပ်မိန့်ပေးထားပါတယ်” ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးမင်းသန့် ကပြောသည်။

အဆိုပါ ကိုးဦးကို တရားစွဲဆိုတင်ပို့နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးတင့်ဆွေက တရားလို လုပ် စုံစမ်းစစ်ဆေးနေခြင်း ဖြစ်ကြောင်း တရားရုံးမှသိရသည်။

ထို့အပြင် ထိန်းသိမ်းခံထားရသည့် ကိုးဦးအနက် ရခိုင်စင်ကာပူအသင်း၏ ခေါင်းဆောင်ပိုင်းများဖြစ်ကြသော ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနှင့် ကိုဟိန်းဇော် တို့ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) (ခ) (ဂ) တို့ဖြင့် ရမန်ထပ်တိုးတောင်းခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသည့် ခြောက်ဦးဖြစ်သော ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုအောင်မျိုးဝင်း၊ ကိုရွှေလှိုင်သန်းနှင့် ကားဆရာဖြစ်သော ကိုမြတ်လင်းဦးတို့အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ) (ဂ) ဖြင့်စွပ်စွဲထားခြင်း ဖြစ်သည်။

“အဲ့တာကတော့ ကျွန်တော်တို့ ရဲစွဲချက်တို့၊ ရဲတိုင်ချက်တို့ ဘာမှမဖတ်ရသေးတဲ့အတွက် မသိနိုင် သေးဘူး ပေါ့နော်။ ဘယ်အကြောင်းအရာကို အခြေခံပြီးတော့ စွဲသလဲဆိုတဲ့ဟာတွေက သက်ဆိုင်ရာတရားရုံးကို တရား စွဲတင်တဲ့အခါ တရားဝင်မိတ္တူကူးပြီးတော့ ဖတ်ရှုလေ့လာမှပဲသိရမှာ။ ခုလောလောဆယ်က ဒီပုဒ်မတွေအရ ရမန်ယူယူတယ်လို့ပဲသိထားရပါတယ်” ဟု ရခိုင် စင်ကာပူအသင်းသားခြောက်ဦး၏ ရှေ့နေ ဦးကျော်မျိုးထွန်း ကပြောသည်။

ပထမအကြိမ် ချုပ်ရက် ရမန်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရယူခဲ့ပြီး ချုပ်ရက် ၁၄ရက် ဖြစ်သည်။ ထို့ကြောင့် ဖမ်းဆီးခံခဲ့ရသည့်နေမှစ၍ စွပ်စွဲခံထားရသူများမှ စုစုပေါင်း ၂၈ ရက် တိတိ ထိန်းသိမ်းခံထားရမည်လည်းဖြစ်သည်။

စွပ်စွဲခံရသူအားလုံးမှာ ရဲတပ်ဖွဲ့၏စတင်ဖမ်းဆီးခံခဲ့သည့်အချိန်မှစတင်ကာ မိသားစုဝင်များနှင့် ဆုံတွေ့ခွင့် မရရှိသေးသကဲ့သို့ ဖမ်းဆီးထိန်းသိမ်း ထားသောနေရာကိုလည်း မိသားဝင်များက မသိရှိရသေးပေ။

“ စိတ်ပူနေတယ်ဆိုတာ အန်တီက သားလေးလာပါပြီမေမေလို့ပြောပြီးတော့မှ အသံလေးပဲကြားလိုက် ရပါတယ်။ လေဆိပ်မှာလည်းမတွေ့ဘူး။ အခုအချိန်ထိ ကျွန်မသားကိုမတွေ့ရသေးပါ” ဟု စွပ်စွဲခံထားရသည့် ကိုဟိန်းဇော်၏ မိခင်ဖြစ်သူ ဒေါ်အုန်းတင်ကပြောသည်။

ကိုအောင်မြတ်ကျော်၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး တို့ကို ဇူလိုင်လ ၁၁ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုရဲကျော်ထက်ကို စမ်းချောင်းမြို့နယ်ရှိ ၎င်း၏နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်တို့ကိုမူ ဇူလိုင်လ ၁ဝရက်နေ့က အမြန်လမ်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တက္ကဆီယာဉ်မောင်း ဦးမြတ်လင်းဦးကိုလည်း ၎င်းတို့နှစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

ရခိုင်စင်ကာပူအသင်းခေါင်းဆောင် ခြောက်ဦးအား မြန်မာအစိုးရမှ အကြမ်းဖက်အဖွဲ့ဟုကြေညာထားသော ရက္ခိုင်တပ်(AA) အတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ ထောက်ခံ အားပေးခြင်းများပြုလုပ်သည်ဟုဆိုကာ စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနမှ နယ်နှင်ဒဏ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ဖမ်းဆီး ခံခဲ့ရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required