ဦးမျိုးရန်နောင်သိမ်းကို တိုင်စာကြောင့် ပါတီတာဝန် ခေတ္တရပ်နားထား

ဦးမျိုးရန်နောင်သိမ်းကို တိုင်စာကြောင့် ပါတီတာဝန် ခေတ္တရပ်နားထား
ဓာတ်ပုံ - NYEIN CHAN NAING/EPA

ရန်ကုန်၊ ဇူလိုင် ၂၅ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို တိုင်စာတစ်ခုကြောင့် ပါတီတာဝန်မှ ခေတ္တရပ်နားထားကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

 ပြီးခဲ့သည့်အပတ်က ပါတီသို့ တိုင်ကြားစာတစ်စောင် ရောက်ရှိခဲ့သောကြောင့် စစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးနေစဉ်ကာလအတွင်း ပါတီတာဝန်မှ ရပ်နားထားခြင်း ဖြစ်သည်။

“ စုံစမ်းစစ်ဆေးနေဆဲကာလ တာဝန်ရပ်နားတာပဲ ဖြစ်ပါတယ်။ ဒါ ယာယီရပ်နားတာခင်ဗျ။  အရေးယူတာလည်း မဟုတ်သေးပါဘူး” ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။ လက်ရှိအချိန်တွင် မည်သည့်ကိစ္စနှင့်မည်သူက တိုင်ကြားသည်ကို ပါတီဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

 ဇူလိုင် ၂၄ ရက်က အဖွဲ့ချုပ်မှ အကြောင်းကြားခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ချုပ်သို့ သွားရောက်ရန် ရှိနေကြောင်း ဦးမျိုးရန်နောင်သိမ်းက မဇ္ဈိမသို့ ပြောသည်။

 “တိုင်တဲ့သူရှိတော့ စုံစမ်းစစ်ဆေးတာပဲ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တော့ အန်ကယ် ဦးဉာဏ်ဝင်း အဖွဲ့ခေါင်းဆောင်၊ အန်ကယ်ဦးသိန်းဦး၊ ဒေါက်တာမျိုးအောင် ၊ သုံးဦးပေါ့။ အဖွဲ့ဖွဲ့ပြီးတော့ စစ်မယ်” ဟု ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

 ၎င်းအနေဖြင့် အဆိုပါတိုင်ကြားစာကို စိုးရိမ်ခြင်းမရှိသော်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လာမည့် ရွေးကောက်ပွဲအတွက် လုပ်နေသည့်ကိစ္စရပ်များတွင် ကြန့်ကြာမှုများ ရှိမည်ဟု ထပ်မံပြောဆိုခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly