မြစ်ရေများ ကျလာပါက ကြုံတွေ့နိုင်သောသဘာဝဘေးအတွက် ဧရာဝတီတိုင်းမှ ပြင်ဆင်ထား

မြစ်ရေများ ကျလာပါက ကြုံတွေ့နိုင်သောသဘာဝဘေးအတွက် ဧရာဝတီတိုင်းမှ ပြင်ဆင်ထား

ပုသိမ်၊ ဇူလိုင် ၂၀ ။            ။ မြင့်တက်နေသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများ ကျလာပါက ဟင်္သာတဖက်သို့ ၁၀ ရက်ခန့်အတွင်း ကျရောက်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဧရာဝတီတိုင်း၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောသည်။

“ ရှာဖွေရေးကော်မတီကို မီးသတ်ဦးစီးဌာနက ဦးဆောင်ထားတယ်။ လုံခြုံရေးကော်မတီ၊ ပို့ဆောင်ရေး ကော်မတီ၊ ပြန်လည်ထူထောင်ရေးကော်မတီတို့၊ ကျန်းမာရေးကော်မတီတို့ သဘာဝဘေး ဖြစ်ပြီးသွားရင် ရောဂါ ဖြစ်တာတွေ များလို့ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတယ်။ လုပ်ငန်းကော်မတီအလိုက် ကြိုတင် ပြင်ဆင်ထားတယ်” ဟု ဧရာဝတီတိုင်း၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ တာများ ပြုပြင်ထားမှုများ၊၂၀၁၈-၁၉ ဘတ်ဂျက်တွင် တာတမံများ ပြုပြင်ခြင်း လုပ်ငန်း၊ ရေတံခါးများ ပြုပြင်ခြင်း၊ ရေနုတ်မြောင်းများ၊ ချောင်းကောမြောင်းကောများ ပြုပြင်ခြင်း များအတွက် ၁၅ ဘီလီယံခန့်ကို ဘတ်ဂျက်သုံးစွဲထားကြောင်းကို တိုင်းအစိုးရဘက်မှ ပြောဆိုထားသည်။

ဧရာဝတီတိုင်းတွင် အရန်ဆန်များ ဖြည့်ဆည်းထားပြီး ယခင်နှစ်က ရရှိထားသည့် စက်လှေ၂၆ စီးကို ရေဘေးကြုံနိုင်သည့် ၉ မြို့နယ်သို့ ပေးထားကြောင်း သိရသည်။

လတ်တလောအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင် နှင့် မအူပင်ခရိုင်တို့သည် ရေကြီးနစ်မြုပ်ခြင်းကို ခံရနိုင်သည့် ဒေသများ ဖြစ်ပြီး ဧရာဝတီမြစ်ရေနှင့်ချင်းတွင်းမြစ်ရေများ လာမည့် ၁၀ ရက်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီးကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ဇူလိုင် ၂၀ ရက်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေပြီး ဒုဋ္ဌဝတီမြစ်ရေ သည် မြစ်ငယ်မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly