အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလို့ရသလဲ

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလို့ရသလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတော်တော်များများကို ဒုက္ခပေးနေတဲ့ အဖြစ်အများဆုံး အသည်းပြဿနာတစ်ခုပါ။ လက္ခဏာ သိသိသာသာ မပြတာကြောင့် အာထရာဆောင်းရိုက်ကြည့်မှပဲ သိတာများပါတယ်။ ဒီတော့ ကိုယ့်မှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိ ကြိုသိချင်ရင် စစ်ဆေးလို့ရတဲ့ နည်းတွေနဲ့ အသည်းအဆီဖုံးတာဖြစ်နေရင်ညလ်း ဘယ်လိုကုသလို့ရလဲဆိုတဲ ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။
အသည်းအဆီဖုံးတဲ့ ပြဿနာကို ဘယ််လိုသိနိုင်သလဲ ။

ရောဂါကိုယ်တိုင်က သိသာတဲ့ လက္ခဏာ မရှိတာကြောင့် အခြားရောဂါတွေကို စစ်ဆေးကြည့်တဲ့အချိန်ကျမှ သူ့ကို သွားတွေ့တာများပါတယ်။ လုပ်နို်င်တဲ ့ရောဂါ စစ်ဆေးခြင်းတွေကတော့
သွေးစစ်ခြင်း ။ ။

  •     Complete Blood count – သွေးဆဲလ်တွေအားလုံးနဲ့ သွေးအားနည်းခြင်းရှိမရှိကို စစ်ဆေးခြင်း
  •     အသည်းအင်ဇိုင်းနဲ့ အသည်းလုပ်ဆောင်နိုင်အားကို စစ်ဆေးခြင်း
  •     အသည်းရောင်အသားဝါရောဂါပိုး ( A,B,C ) ရှိမရှိစစ်ဆေးခြင်း
  •     Celiac disease လို့ခေါ်တဲ့ ရောဂါရှိမရှိစစ်ဆေးခြင်း
  •     သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း
  •     သွေးတွင်း အဆီဓာတ်တွေနဲ့ သွေးတွင်းကိုလက်စရောစစ်ဆေးခြင်းတွေ လုပ်ဆောင်ပြီး အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းကို သိနိုင်ပါတယ်။

ပုံရိပ်ဖော်စစ်ဆေးခြင်း ။ ။

ဒီအထဲမှာတော့ အသည်းအဆီဖုံးခြင်းကို ပုံရိပ်ဖော်ပြီး သိရှိနိုင်တဲ ့နည်းတွေ ဖြစ်ပါတယ်။

  •     အာထရာဆောင်းရိုက်ခြင်း – ဒီအာထရာဆောင်းက တော့ အခြေခံအကျဆုံးနဲ့ အသည်းအဆီဖုံးခြငး်ကို အမြန်ဆုံးသိနိုင်တဲ ့နည်းဖြစ်ပါတယ်။
  •     CT scan ဖတ်ခြင်း – ဒီ ဖန်ပေါင်းချောင်ကြီးထဲဝင်ပြီး CT scan ဖတ်ခြင်းကနေ အသည်းအဆီဖုံးတာ အသည်းရောင်တာတွေကို သိနိုင်ပါတယ်။ ဒါပေမယ့်သူက nonalcoholic steatohepatitis နဲ့ nonalcoholic fatty liver disease ကို တော့ မခွဲနိုင်ပါဘူး။
  •     Transient elastography – အဆင့်မြင်တဲ့ အာထရာဆောင်းနည်းပညာတစ်မျိုးဖြစ်ပြီး အသည်းဘယ်လောက် တောင့်နေလဲဆိုတာကို တိုင်းတာပါတယ်။ အသည်းတောင့်တယ်ဆိုတာ အသည်းဆဲလ်တွေ ခဲပြီး တောင့်နေတာကို ပြောတာဖြစ်ပါတယ်။
  •     Magnetic resonance elastography – သံလိုက်စက်ကွင်းပုံဖော်နည်းပညာနဲ့ အသံလှိုုင်းပုံဖော်နည်းပညာကို ပေါင်းပြီး အသည်းအဆီဖုံးခြင်း ရှိမရှိနဲ့ အသည်းခဲနေတာ အသည်းခြောက်နေတာရှိမရှိရယ် ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာရယ်ကို ဖော်ပြနို်င်တဲ့ စစ်ဆေးနည်းဖြစ်ပါတယ်

အသည်းတစ်ရှူးကို စစ်ဆေးခြင်း။

    ဒါကတော့ အသည်းအသားစယူပြီး အသည်းရောင်တာ၊ အမာရွတ်ရှိမရှိနဲ့ အခြားဖြစ်နိုင်တဲ့ ပြဿနာတွေကို စစ်ဆေးတာဖြစ်ပါတယ်။ဒီလို အသားစယူဖို့ဆို ဗိုက်ကနေတစ်ဆင့် အသည်းဆီကို အပ်နဲ့ ထိုးသွင်းပြီး လုပ်ရတာဖြစ်လို့ နာကျင်မှုကို မခံနိုင်တဲ့ တစ်ချို့လူနာတွေမှာဆို လုပ်လေ့မရှိပါဘူး။

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလဲ ။ ။

  •     ကုသမှုရဲ့ အခြေခံအကျဆုံးနဲ့ ပထမဆုံးနည်းလမ်းကတော့့ ကိုယ်အလေးချိန်လျှော့ချတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားတာဖြစ်ပါတယ်။
  •     နောက်တစ်ခုအရေးကြီးတာကတော့ သူ့ကိုဖြစ်စေတဲ့  အကြောင်းအရင်းတွေကို ကုသတာဖြစ်ပါတယ်။ ဆီးချိုသမားတွေဆို ဆီးချိုထိန်းမယ်၊ သွေးတွင်းအဆီဓာတ်များနေတဲ့သူတွေဆို ကိုလက်စရော ကျစေတဲ့ ဆေးသောက်မယ်၊ အဝလွန်နေတဲ့သူတွေဆို အဆီကျဆေးတွေ သောက်ရမယ်၊ သိုင်းရွိုက်ကြောင့် ဖြစ်တာဆိုရင် ဟော်မုန်းဆေးတွေ သောက်ရမယ်။
  •     နောက်ပြီး အသည်းရောင်အသားဝါ ရောဂါပိုးတွေ မဝင်ရောက်ဖို့ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးတွေ ထိုးထားဖို့လည်းလိုအပ်ပါတယ်။
  •     အသည်းအဆီဖုံးတာနေ အသည်းခြောက်သွားတဲ့ လူနာတွေအတွက်တော့ အသည်းအစားထိုုးကုသခြင်းကသာ အကောင်းဆုံး ကုသခြင်းနည်းလမ်းပါ။

သဘာဝနည်းလမ်းတွေနဲ့လည်း အသည်းအဆီဖုံးခြင်းကို ကုသလို့ရပါသေးတယ် ။

  •     ဗီတာမင် E – ဗီတာမင် E မှာ ပါဝင်တဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသည်းတွေကို ကာကွယ်ပေးပြီး အသည်းရောင်တာ အသည်းအဆိပ်အတောက်ဖြစ်တာတွေကို လျှော့ချပေးပါတယ်။ ဒါပေမယ့် သေချာအောင်တော့ လေ့လာမှုတွေ ဆက်လုပ်နေဆဲပါ။
  •     ကော်ဖီ – အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးနေတဲ့ ပြသနာရှိတဲ့သူတွေကို လေ့လာကြည့်ရာမှာ ကော်ဖီသောက်တဲ့လူနာတွေက မသောက်တဲ့လူနာတွေထက်စာရင် အသည်းထိခို််က်တာ ပိုနည်းတယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်နေတဲ့သူတွေအတွက် အဆင်ပြေတာပေ့ါ။ တစ်ခုရှိတာက ကော်ဖီပမာဏ ဘယ်လောက်သောက်ရမလဲနဲ့ ဘယ်လိုသောက်ရမလဲဆိုတာ သေချာလေ့လာထားခြင်း မရှိ်သေးတာပါ။
  •     ကိုယ်က ကော်ဖီမသောက်တတ်တဲ့သူဆိုရင် အသည်းအဆီဖုံးခြင်းကို သက်သာဖို့ သေချာလေ့လာမှု မလုပ်ရသေးတဲ့ ကော်ဖီ ခုမှ စသောက်ဖို့ ပြန်စဉ်းစားစေချင်ပါတယ်။ ကော်ဖီကြောင့် ရမလာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို ချိန်ဆပြီး သောက်မှ သာ အကောင်းဆုံးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly