နှစ်ပေါင်း ၅၀ ကျော်အတွင်း အာဇာနည်ဗိမာန်ကို နိုင်ငံတော်အကြီးအကဲ ပထမဆုံးတက်ရောက်ဂါရဝပြု

နှစ်ပေါင်း ၅၀ ကျော်အတွင်း အာဇာနည်ဗိမာန်ကို နိုင်ငံတော်အကြီးအကဲ ပထမဆုံးတက်ရောက်ဂါရဝပြု
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ။         ။ (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့် တက်ရောက်ဂါရဝပြုခဲ့သဖြင့်  နှစ်ပေါင်း ၅၀ ကျော်အတွင်း အာဇာနည်ဗိမာန်သို့ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပထမဆုံးတက်ရောက်လာသည့် သမ္မတဖြစ်လာခဲ့သည်။

၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်နေဝင်းသည် အာဇာနည်ဗိမာန်သို့ တက်ရောက်ဂါရဝပြုပြီးနောက်ပိုင်း အာဇာနည်ဗိမာန်သို့ နိုင်ငံအကြီးအကဲများ လာရောက်ဂါရဝပြုခြင်းမရှိခဲ့ပေ။

၂၀၁၀ ခုနှစ် မှ စတင်ခဲ့သည့် အရပ်သားအစိုးရ လက်ထက်တွင်လည်း  သမ္မတ ဦးသိန်းစိန် ၊ သမ္မတ ဦးထင်ကျော်တို့သည်  အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုခြင်းမရှိဘဲ ဒုတိယသမ္မတသာ အမြင့်ဆုံးတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အကြီးအကဲများဖြစ်သည့် သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနှင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တက်ရောက်ဂါရဝပြုခဲ့ကြသည်။

ယင်းအပြင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များလည်း တက်ရောက်ဂါရဝပြုခဲ့သည်။ ၄င်းတို့အပြင် အစိုးရအဖွဲ့တာဝန်ရှိသူများ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများက လွမ်းသူပန်းခွေများချပြီး လာရောက်ဂါရဝ ပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly