ဗစ်တိုးရီးယားအမှု အရေးကြီး၍ ခုံရုံးဖွဲ့ပြီး တရားသူကြီးနှစ်ဦးဖြင့် စစ်ဆေးမည်

ဗစ်တိုးရီးယားအမှု အရေးကြီး၍ ခုံရုံးဖွဲ့ပြီး တရားသူကြီးနှစ်ဦးဖြင့် စစ်ဆေးမည်
တရားခံဟု စွပ်စွဲခံရသူ အောင်ကြီးကို ရုံးထုတ်လာစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ‘ဗစ်တိုးရီးယားအမှု’ ဟု လူသိများသော နေပြည်တော်ရှိ အသက်သုံးနှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမှုသည် လူအများ စိတ်ဝင်စားပြီး အရေးကြီးသောကြောင့် ခုံရုံးဖွဲ့ကာ တရားသူကြီးနှစ်ဦးဖြင့် စစ်ဆေးသွားရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တာဝန်ပေးအပ်လိုက်သည်။

ခုံရုံးဥက္ကဌအဖြစ် ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်နှင့် ခုံရုံးအဖွဲ့ဝင်အဖြစ် ဒက္ခိဏခရိုင် ဒုတိယတရားသူကြီး ဦးညိုဌေးတို့ နှစ်ဦးက ထိုအမှုကို တာဝန်ယူ စစ်ဆေးရမည် ဖြစ်သည်။

“ဒီအမှုဟာ ပြည်သူတွေ စိတ်ဝင်စားပြီး အရေးကြီးတဲ့အမှုဖြစ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ပြည်ထောင်စုတရားဥပဒေပုဒ်မ ၂၃(ခ)အရ တရားသူကြီးနှစ်ဦး ပါဝင်တဲ့ ခုံအဖွဲ့နဲ့ စစ်ဆေးဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်” ဟု ဒက္ခိဏခရိုင်တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိ ဒေါ်သီတာနွယ်က ဇူလိုင် ၁၅ရက်တွင် မီဒီယာများကို ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တရားခံဟု စွပ်စွဲခံရသည့် ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး(ခ)အောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ယနေ့နံနက် ၁ဝနာရီအချိန်တွင် ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးထုတ်တွင် တစ်စုံတစ်ရာ စစ်ဆေးခြင်း မရှိသေးဘဲ အမှုတွင် လိုက်ပါဆောင်ရွက်မည့် နှစ်ဖက်ရှေ့နေများက ကိုယ်စားလှယ်စာ တင်သွင်းပြီး မိနစ်ပိုင်းအတွင်းတွင်ပင် အောင်ကြီးကို နေပြည်တော် အချုပ်ထောင်သို့ ပြန်လည် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

စွပ်စွဲခံရသူ အောင်ကြီးဘက်က တရားလွှတ်တော်ရှေ့နေများဖြစ်သည့် ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင် ဦးနေတူးနှင့် အထက်တန်းရှေ့နေ ဦးသဲမောင်မောင်တို့က အမှုလိုက်ပေးကြမည် ဖြစ်သည်။

ဥပဒေအရာရှိ၏ ညွှန်ကြားချက်ဖြင့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေများမှာမူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်ဦးနှင့် ဒေါ်လှဝင်းသန်းတို့ ဖြစ်ကြသည်။

စွပ်စွဲခံရသူ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ကိုအောင်ကြီးဟာ ဥပဒေအကူအညီလိုတယ်ထင်လို့ (ဒီအမှုကို)လိုက်တာ၊ လိုက်တဲ့နေရာမှာ ကိုအောင်ကြီးကို ဒီအမှုကနေ လွတ်အောင် ကျွန်တော် ဆောင်ရွက်မယ်။ စစ်ရင်း၊ စစ်ရင်းနဲ့ ကိုအောင်ကြီး မဟုတ်ဘူးဆိုတာကို ဖော်နိုင်ရင် ဘယ်သူလဲ၊ ဘယ်သူတွေများ ဖြစ်မလဲဆိုတာ အတတ်နိုင်ဆုံး ဖော်ထုတ်နိုင်အောင် ကြိုးစားမယ်။ အဲ့လို ပေါ်လွင်တယ်ဆိုရင် ကိုအောင်ကြီးကို ဘယ်သူတွေက ပုံချသလဲဆိုတာ ဒီတာဝန်ကို ထမ်းဖို့ ရည်ရွယ်ချက် ရှိပါတယ်” ဟု ခရိုင်တရားရုံးရှေ့တွင် မီဒီယာများကို ပြောကြားသည်။

နောက်ထပ် ရုံးချိန်းကို လာမည့် ဇူလိုင် ၂၄ရက်တွင် ပြန်လည် ချိန်းဆိုလိုက်ပြီး ယင်းနေ့တွင် တရားလို၊ တရားခံဟု စွပ်စွဲခံရသူနှင့် နှစ်ဖက်ရှေ့နေများ ပါဝင်မည့် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်ကာ အမှုစစ်ဆေးမည့် အခြေအနေများကို ဆွေးနွေး ဆုံးဖြတ်ကြမည် ဖြစ်သည်။

“သူတို့က ရုံးချိန်းကို ညှိနှိုင်းသတ်မှတ်ကြမယ်။ သတ်မှတ်ကြပြီးတော့ ဘယ်နေ့မှာ အပြီးစစ်သွားမယ်ဆိုတာ သိရှိမယ်။ ဘယ်နေ့မှာ ဘယ်သူ့ကို စစ်မယ်၊ တရားလိုပြသက်သေတွေကို ဘယ်နေ့မှာ အပြီးစစ်ဆေးသွားမယ်ဆိုတာတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဒက္ခိဏခရိုင် ဒုတိယတရားသူကြီး တစ်ဦးလည်း ဖြစ်သည့် ဒေါ်သီတာနွယ်က ရှင်းပြသည်။

အဆိုပါ ဒုတိယအကြိမ် ရုံးချိန်းတွင်ပင် တရားလိုကို စတင်စစ်ဆေးဖွယ် အနေအထားလည်း ရှိသည်။ တရားစွဲ အဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့က ယင်းအမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၂၆ဦးကို တရားရုံးသို့ လတ်တလော တင်သွင်းထားသည်။

ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရန်ဟုဆိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့ရုံးထုတ်တွင် ခရိုင်တရားရုံးရှေ့သို့ ရာနှင့်ချီသည့် ဒေသခံများလည်း လာရောက်ဝန်းရံခဲ့ကြသည်။

“ကျွန်တော့သား မဟုတ်တဲ့အတွက် နိုင်ငံတော်၊ မီဒီယာ၊ အားလုံး ပြည်သူတွေကော ကျွန်တော့ဘက်က ရပ်တည်ပေးကြပါလို့ ပြောချင်တယ်” ဟု အောင်ကြီး၏ ဖခင်ဖြစ်သူက ခရိုင်တရားရုံးမှ ပြန်အထွက်တွင် မီဒီယာများကို ပြောဆိုသွားသည်။

နေပြည်တော်၊ Wisdom Hill မူကြိုကျောင်းတွင် ကျောင်းတက်နေသည့် အသက် နှစ်နှစ်နှင့် ကိုးလအရွယ် အမျိုးသမီးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင်ဖြစ်သူကိုယ်တိုင် မေလ ၁ရရက်တွင် ဇဗ္ဗူသီရိမြို့မ(အမှတ် ၁)ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

ယင်းနောက် ထိုအမှုကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က ကိုင်တွယ်ခဲ့ပြီး Wisdom Hill မူကြိုကျောင်း၊ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက်(၂၉)နှစ်အရွယ် အောင်ကြီးကို ဇူလိုင်လ ၄ရက်တွင် ဖမ်းဆီးကာ တရားစွဲခဲ့သည်။

စီအိုင်ဒီက အောင်ကြီးကို တစ်လနီးပါးကြာ ခေါ်ယူစစ်ဆေးပြီးနောက် အထောက်အထား မခိုင်လုံဟုဆိုကာ ပြန်လွှတ်ပေးပြီးနောက် ပြန်လည် ဖမ်းဆီးကာ တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

အောင်ကြီးသည် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် မေလ ၁၆ရက်မှသာ ဒေါ်ဥမ္မာလှိုင်၏ ကိုယ်ပိုင်ယာဉ်မောင်းအဖြစ် စတင် အလုပ်ဆင်းခြင်းဖြစ်ကြောင်းနှင့် တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ၎င်း၏ ဖခင်ဖြစ်သူက ထုတ်ဖော်၊ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required