ရခိုင်စင်ကာပူအသင်းသားများ အဖမ်းခံရသည့်ကိစ္စ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ်လာမှု မရှိသေး

ရခိုင်စင်ကာပူအသင်းသားများ အဖမ်းခံရသည့်ကိစ္စ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ်လာမှု မရှိသေး

ရန်ကုန်၊ ဇူလိုင် ၁၀ ။       ။ ရက္ခိုင့်တပ်(AA)မှ စစ်ဦးစီးချုပ်၏ညီအပါအဝင် ရခိုင်စင်ကာပူအသင်းသား (၆) ဦးကို ဖမ်းသည့် ကိစ္စအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားလာခြင်းမျိုးမရှိသေးဟု ရဲသတင်းမှန်ပြန်ကြားရေးမှ ရဲမှူးကြီးမျိုးသူစိုးက မဇ္စျိမသို့ပြောသည်။

“အဲ့သတင်းကို အွန်လိုင်းပေါ်တော့တွေ့တယ်ပေါ့။ ဒါပေမယ့် စင်ကာပူရဲတပ်ဖွဲ့က ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို ဘာမှအကြောင်းကြားထားတာမရှိသေး ဘူးခင်ဗျ” ဟု၎င်းကဆိုသည်။

ဇူလိုင်လ ၉ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် စင်ကာပူတွင်နေထိုင်သူ ရခိုင်စင်ကာပူအသင်းသား (၆) ဦးအား စင်ကာပူရဲတပ်ဖွဲ့နှင့် စင်ကာပူ လ.ဝ.က ဝန်ထမ်းတို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဟု ရခိုင် အခြေစိုက်သတင်းဌာနတစ်ခုက ရေးသားထားခြင်းဖြစ်သည်။

“အကြောင်းမကြားသေးတော့ တရားဝင်တော့ အတည်ပြုလို့မရသေးဘူးပေါ့။ အွန်လိုင်းပေါ်က တွေ့တော့ တွေ့တာပေါ့” ဟု ရဲမှူးကြီးမျိုးသူစိုးကဆိုသည်။

ရခိုင်စင်ကာပူအသင်းဥက္ကဋ္ဌဖြစ်သူ အပါအဝင် AA စစ်ဦးစီးချုပ်၏ညီဖြစ်သော ကိုအောင်မြတ်ကျော် ပါဝင်သည်ဆိုသည့်အတွက် မဇ္စျိမမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဆက်သွယ်သော်လည်း နေ့လယ် ၂ နာရီအချိန်အထိ ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

အဆိုပါဖမ်းဆီးမှုတွင် ရခိုင်စင်ကာပူအသင်းပိုင် ကွန်ပြူတာများအပြင် အခြားဆက်စပ် ပစ္စည်း များကိုလည်း စင်ကာပူရဲမှ သိမ်းဆည်းသွား သတင်းဌာန အချို့တွင်ဖော်ပြထားသည်။

ထို့ကြောင့် မဇ္စျိမမှ သတင်းခိုင်မှာတိကျရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ရာ တိတိကျကျဖြေဆိုခြင်းမရှိခဲ့ဘဲ email ပို့ခိုင်းသောကြောင့် နေ့လယ် ၁ နာရီခွဲအချိန်တွင် ပေးပို့ မေးမြန်းထားပြီး ထပ်မံဖော်ပြပေးသွားပါမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required