ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ

ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးက အေးအေးချမ်းချမ်နဲ့ အိပ်နေတယ် ၊ဖျားတာ အသက်ရှူရခက် နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်က အမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။

  •     ပါးစပ်မှာ အမြှုပ်တွေ တစ်ချိန်လုံးထွက်နေတာအပြင် ကလေးက အသက်ရှူလမ်းကြောင်းပိတ်နေသလို အသက်ရှူရခက်နေတာမျိုး၊ နို့သီးသွားတာမျိုး၊ ဖျားနေတာမျိုးတွေ ရှိပြီးမလန်းဘဲ တစ်ချိန်လုံး ဂျီကျမျိုးတွေရှိနေရင် ဆရာဝန်ဆီသွားသင့်ပါတယ်။ ဒါတွေက မတည့်တာတွေ စားမိတာ၊ အသက်ရှူလမ်းကြောင်းပိုးဝင်တာနဲ့ အခြား အစာခြေစနစ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ ကလေးမှာ ရှိနေနိုင်တာကြောင့်ပါ။
  •     ဒီနေ့မှ ကာကွယ်ဆေးထိုးလာတယ်၊ ကလေးပါးစပ်မှာလည်း အမြှုပ်လေးတွေထွက်နေမယ်ဆိုရင် ဒါ ထိုးလိုက်တဲ့ ကာကွယ်ဆေးကို ကလေးကိုယ်ခန္ဓာက ပြန်တုံပြန်တာမျိုး ဖြစ်နိုင်တာကြောင့် ဒီလို အခြေအနေမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ကိုချက်ချင်းပြောပါ။
  •     ကလေးနဲ့ မရင်းနှီးတဲ့အစားအစာအသစ်တွေ စကျွေးတဲ့အချိန်မှာ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နို်င်ပါတယ်။ ဒါက ကလေးကိုယ်ခန္ဓာက သင်ကျွေးလိုက်တဲ့အစားအစာအသစ်ကို မယဉ်သေးဘူးဆိုတဲ့ အဓိပါၸပယ်ရတာကြောင့် အဲဒီ အစားအစာ ကလေးကို ဆက်မကျွေးပါနဲ့တော့။ အခြားပြင်းထန်တဲ့ အစာအဆိပ်သ့င့်ပြဿနာတွေဖြစ်တဲ့ စားပြီးပြန်အန်တာ၊ ဖျားနာတာ၊ ဝမ်းလျှောတာမျိုးရှိခဲ့ရင်တော့ ဆေးခန်း ချက်ချင်းသွားပြပါ။
  •     ကလေးပါးစပ်မှာလည်း အမြှုပ်လေးတွေ တစ်ချိန်လုံးစီနေတယ်၊ ကလေးက ရွယ်တူတွေနဲ့ယှဉ်ရင် ပိုသေးနေပြီး ထွားသင့်သလောက်တောင် မထွားလာတဲ့အခါမျိုးမှာ ဆရာဝန်ဆီ သွားစစ်ဆေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးရဲ့ အစာခြေစနစ်မှာ တစ်ခုခုဖြစ်နေပြီး အစာခြေရည် တွေ ပြန်ဆန်တက်နေတာကြောင့် အာဟာရတွေရသင့်သလောက်မရဘဲ ကလေးညှက်နေရခြင်း ဖြစ်နို်င်လို့ပါ။
  •     ပါးစပ်မှာ စီနေတဲ့ အမြှုပ်တွေက အဖြူရောင် အကြည်ရောင်မဟုတ်ဘဲ အစိမ်းရောင်၊ အဝါရောင် ၊ ခရမ်းရောင် အနီရောင်တွေဖြစ်နေမယ်ဆိုရင် ကလေးကိုယ်ခန္ဓာမှာ ရောဂါပိုးဝင်နေတာ ( ဒါမှ မဟုတ် ) ကြီးကြီးမားမားကျန်းမာရေး ပြဿနာတစ်ခုခုရှိနေပြီလို့ ယူဆရတာကြောင့် ဆရာဝန်ဆီ ချက်ချင်းသွားစေချင်ပါတယ်။
  •     အသက်ရှူရခက် နေတဲ့ပုံလည်းဖြစ်နေတယ် ကလေးပါးစပ်မှာ အမြှုပ်လေးတွေလည်းစီနေမယ် ကလေးက ပန်းရောင်မဟုတ်တော့ဘဲ ပါးစပ်တွေ လက်တွေ ကလည်း အပြာရောင် ပြောင်းသွားမယ်ဆို အသက်ရှူလမ်းကြောင်း ပိတ်နေတာဖြစ်နိုင်တာကြောင့် ဆေးရုံဆေးခန်းကို ချက်ချင်းပြေးစေချင်ပါတယ်။

ပါးစပ်မှာ အမြှုပ်ထွက်တတ်တဲ့ ကလေးကို ဘယ်လိုပြုစုကြမလဲ ။ ။

အပေါ်မှာ စိုးရိမ်စရာလိုတဲ့အခြေအနေတွေကိုပဲ တန်းစီပြောခဲ့တာကြောင့် ကလေးပါးစပ်က အမြှုပ်ထွက်တာ စိုးရိမ်စရာလို့ထင်နေကြပါဦးမယ်။  အပေါ်မှာ ပြောထားတဲ့အခြေအနေတွေလိုမျိုး အသက်ရှူရခက်တာ၊ ဖျားတာ အန်တာ တွေ ဘာမှ  မရှိဘူး ကလေးကလည်း လန်းနေတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ငယ်သေးတဲ့ကလေးတွေမှာဒီလိုမျိုး ပါးစပ်ကနေ အမြှုပ်လေးတွေ စီနေတာမျိုးဖြစ်တတ်ပါတယ်။ အရပ်ထဲမှာဆို ဘူးမှုတ်တယ်လို့တောင် ခေါ်ကြတယ်လေ။ ဒီတော့ ဒီကလေးတွေကို မေမေတို့ဘက်က ကူညီပေးနိုင်တာတွေကတော့

  •     နို့ကို တစ်ခါတည်း အများကြီးမတိုက်ပါနဲ့။တစ်ခါတိုက်ရင် တစ်ဘက် ၁၀ မိနစ်လောက်တိုက်ပြီး နားပါ။ ကလေးက မဝသေးဘူးဆိုရင် နောက် ၁၅ မိနစ်ကြာမှပြန်တိုက်ပါ။
  •     နို့ဘူးတိုက်နေတယ်ဆိုရင် နို့သီးခေါင်းပေါက်မကျယ်တဲ့ နို့ဘူးမျိုးကို ရွေးချယ်ပါ။ နို့ဘူးကိုသေချာသန့်ရှင်းရေးလုပ်ပါ။
  •     ကလေနဲ့ မတည့်ဘူးလို့ထင်တဲ့ အစားအစာတွေကို စာရင်းပြုစုထားပြီး မကျွေးမိအောင် ဂရုစိုက်ပါ။
  •     လေအောင့်လေထိုးဖြစ်တတ်တဲ့ကလေးတွေကလည်း ဘူးမှုတ်တတ်တဲ့အတွက် ကလေးကို ကျောလေးကို ပွတ်ပွတ်ပြီး လေထုတ်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly