လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်ကို ၂၃ ပါတီကန့်ကွက်

လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်ကို ၂၃ ပါတီကန့်ကွက်
ဓာတ်ပုံ - စိုးသူအောင် (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၅ ။           ။ နိုင်ငံတော်သမ္မတညွှန်ကြားချက်ဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင်ဖွဲ့စည်းနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန အသစ်ဖွဲ့စည်းခြင်းကို နိုင်ငံရေးပါတီ ၂၃ ခုမှကန့်ကွက်ကြောင်း ထုတ်ပြန် ပြောဆိုလိုက်သည်။

“ သမ္မတစ်ယောက်က လုပ်တာမရဘူးလားဆိုတော့ အစ်မတို့ နိုင်ငံရေးပါတီဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာအောင် လုပ်ရမှာ။ သူလုပ်တာမရဘူးလားဆိုတော့  အစ်မတို့ နိုင်ငံရေး ပါတီတွေကတော့ ကန့်ကွက်ရမှာပေါ့။ ဒါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်ပြီးလုပ် တယ်လို့ ထောက်ပြ ရမှာ” ဟု ၂၃ ပါတီကိုယ်စား “မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ” မှ  ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး ကပြော သည်။

ဇူလိုင် (၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် အဆိုပါဝန်ကြီးဌာနသစ်မှာ ဖွဲ့စည်းပုံအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ပေးအပ်ထားခြင်းမရှိသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကို ကျော်လွန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပါရှိသည်။

၂၃ ပါတီ၏ထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲနေသည့် အစိုးရ၏လုပ်ဆောင်ချက်များအား ကန့်ကွက်ကြောင်းထည့်သွင်း ထုတ်ပြန် ထားခြင်းဖြစ်သည်။

ဝန်ကြီးဌာနအသစ်ဖွဲ့စည်းခြင်းကို ကန့်ကွက်ကြောင်းအပါအဝင် အစိုးရ၏လုပ်ဆောင်ချက် (၉) ချက်ကို ကန့်ကွက်ကြောင်း ဇူလိုင် ၅ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုး ပါတီရုံးတွင် နိုင်ငံရေး ၂၃ ပါတီက ကိုယ်စားပြု ပူးတွဲသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

“ နိုင်ငံရေးသမားတွေကလည်း ပြောဖို့တာဝန်ရှိတယ်။ ပါတီတွေကလည်းပြောဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့က ဘာကြောင့်ပြောရလဲဆိုတော့ တာဝန်ရှိ လို့ပြောရတာ။ မြန်မာနိုင်ငံမှာနေတယ်။ နိုင်ငံရေးပါတီတစ်ခုကိုထူထောင်တယ်။ အဲ့တော့ ဘယ်အစိုးရတက်တက် ကြံခိုင်ရေးအစိုးရဖြစ်ပါစေ။ NLD အစိုးရ ဖြစ်ပါစေ။ ကျွန်တော်တို့ကပြောနေဦးမှာပဲ”  ဟု ၂၃ ပါတီအစည်းအဝေးတွင်ပါဝင်ဆွေးနွေးခဲ့သူ ဦးသန်းဦးကပြောသည်။

နိုင်ငံရေးပါတီ ၂၃ ပါတီမှ  ဇူလိုင် ၄ ရက်နေ့တွင် ပူးပေါင်းဆွေးနွေးရာ အစိုးရအဖွဲ့များမှ ဖွဲ့စည်းပုံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲ ဆောင်ရွက်ခဲ့သည်များကို တွေ့ရှိခဲ့သည် ဟုလည်း ပါဝင်သူများက ဆိုသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ အပါအဝင် ပါတီပေါင်း ၂၃ ခုမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required