ပိုက်ဆံအိတ် စက်ရုံ အလုပ်သမားများ အကြမ်းဖက်ခံရမှု နစ်နာကြေး သိန်း နှစ်ထောင် တောင်းမည်

ပိုက်ဆံအိတ် စက်ရုံ အလုပ်သမားများ အကြမ်းဖက်ခံရမှု နစ်နာကြေး သိန်း နှစ်ထောင် တောင်းမည်
ဓာတ်ပုံ. Ctum Myanmar

ဇူလိုင်လ ၁ ။            ။ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် Hong Ri ပိုက်ဆံအိတ် စက်ရုံမှ အလုပ်သမားများသည် EC စာချုပ်ပါ အချက်များကို အကောင်အထည် ဖော်ပေးရန်  ဆန္ဒထုတ်ဖော်နေစဉ်  အကြမ်းဖက်ခံရမှု အတွက် နစ်နာကြေး သိန်း နှစ်ထောင် တောင်းခံသွားမည်ဟု ဇူလိုင်လ  ၁ ရက်နေ့ က ရန်ကုန်မြို့ရှိ House Of Orchid တွင် အလုပ်သမားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့သည်။

" ကျွန်တော်တို့အလုပ်သမားတွေ က စိတ်ဓာတ်တွေ လုံးဝ အင်အားတွေ ကျဆင်းတယ်။ အခု ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ဒီအလုပ်သမားတွေနဲ့ ဒီလုပ်ငန်းရှင် သည် အလုပ်သမားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှုပေါ် မှုတည်ပြီး လျော်ကြေးတောင်းဖို့ရှိပါတယ်။ သိန်း နှစ်ထောင် တောင်းဖို့ ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အလုပ်ရှင်မှာ တာဝန်ရှိတယ်။ " ဟု မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် နှင့် လှိုင်သာယာမြို့နယ် ချည်မျှင် နှင့်အထည်လိပ် အလုပ်သမားအဖွဲ့အစည်း မှ ဥက္ကဋ္ဌ ဖြစ်သူ ကိုရဲသူရ က အကြမ်းဖက်ခံရမှု သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ ကိုပြောသည်။

အလုပ်ရှင် အလုပ်သမားသဘောတူညီမှု စာချုပ်ကို ၂၀၁၉ ခုနှစ် မတ်လ အတွင်းက  ချုပ်ဆိုခဲ့ပြီး  စာချုပ်ပါ အချက်များကို အလုပ်ရှင်ဘက်မှ ဖြည်ဆည်းပေးခြင်း မရှိသဖြင့် ဇွန်လ ၂၇ ရက်နေ့ က စတင်ပြီး  Hong Ri ပိုက်ဆံအိတ် စက်ရုံအရှေ့တွင် အလုပ်သမား ၄၀၀ ကျော်ခန့် က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်နေသည့် နေရာသို့ ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်၏ ကိုယ်စားလှယ်ဆိုသူ တစ်ဦးရောက်ရှိလာပြီး ညနက်ပိုင်းတွင် အဆိုပါ အလုပ်ရှင် ကိုယ်စားလှယ်ဆိုသူ နှင့် လူဦးရေ ၁၅ ဦးခန့်ပါသည့် လူစုတို့သည် စက်ရုံအပြင်ဖက်တွင် ဆန္ဒထုတ်ဖော်နေကြသည့် အလုပ်သမားများ ကြားတွင် အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ကိုကျော်သက်လွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အလုပ်သမားများထံက သိရသည်။ ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၄ ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် လှိုင်သာယာ ဆေးရုံတွင် တတ်ရောက်ကုသခဲ့ရသည် ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအရ သိရသည်။

  “သူတို့ကတော့ အကြမ်းဖက်ခံရတယ်ဆိုပြီး ပြောတာပေါ့ ကျွန်တော်တို့က ဘာမှမသိရသေးပါဘူး။ ကျွန်တော်တို့လည်း ဖြစ်စဉ်ကို သေသေချာချာဂဃနန မသိသေးဘူး ။ သူတို့ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမှပါ” ဟု Hong Ri ပိုက်ဆံအိတ် စက်ရုံ မှ HR မန်နေဂျာဖြစ်သူ ဦးကျော်ဇေယျ က မဇ္စျိမသို့ ပြောသည်။

Hong Ri ပိုက်ဆံအိတ် စက်ရုံ ကို လတ်တလောတွင် ရပ်နားထားပြီး စက်ရုံအတွင်း တွင် နိုင်ငံခြားသားများ နှင့် ပစ္စည်းတင်ပို့မည့် ကားများ ပိတ်မိကြောင်း နှင့် စက်ရုံအနေဖြင့် သိန်း ၄ ထောင် မှ ၅ထောင်အထိ  နစ်နာနေလျက်ရှိသည်ဟု  ဦးကျော်ဇေယျ က ထပ်မံပြောကြားသည်။

ဇွန်လ ၂၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွက် ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများက လှိုင်သာယာမြို့မ ရဲစခန်းတွင် ရာဇတ်သတ်ကြီးပုဒ်မ ၃၂၄၊ ၃၂၃ ၊ ၂၉၄ ၊ ၅၀၆ ၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

Hong Ri ပိုက်ဆံအိတ် စက်ရုံ အနေဖြင့် အဆိုပါ ဖြစ်စဉ် ပတ်သက်ပြီး လာမည့် ရက်ပိုင်းအတွင်း သတင်းစာရှင်းလင်း ပွဲပြုလုပ်သွားမည်ဟု စက်ရုံတာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly