မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် သတင်းမီဒီယာကဏ္ဍသည် အလွန်အရေးကြီးဟု ဆို

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် သတင်းမီဒီယာကဏ္ဍသည် အလွန်အရေးကြီးဟု ဆို
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၁ ။        ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် မြန်မာနိုင်ငံသတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Shri Saurabh Kumar က ပြောကြားလိုက်သည်။

“ လွတ်လပ်တဲ့မီဒီယာဟာ ဒီမိုကရေစီကဏ္ဍမှာ အရမ်းအရမ်းကို အရေးကြီးပါတယ်။ အခြားကဏ္ဍတွေအတွက် လည်း အရေးကြီးပါတယ်။ အစိုးရရဲ့ လုပ်ငန်းဆောင်တာယန္တရားမှာ မီဒီယာဟာ အရေးကြီးတဲ့ အထောက်အပံ့ တစ်ခု ဖြစ်တယ်။ အစိုးရလုပ်ငန်းစနစ်တွေကို Check and Balance လုပ်ဖို့ပါ။ အခုချိန်မှာ မြန်မာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ လုပ်ဆောင်နေချိန်မှာ မီဒီယာက အဓိကနေရာ ဖြစ်ပါတယ်” ဟု အိန္ဒိယသံအမတ်ကြီးက ပြောသည်။

ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ Wyndham ဟိုတယ်တွင် ပြုလုပ်ခဲ့သော Mizzima Media Group နှင့် VOA (Voice of America) တို့ ပူးပေါင်းပြီး လက်ရှိကြုံတွေ့နေရသည့် သတင်းမီဒီယာလောကအဖြစ်အပျက်များကို ဆွေးနွေးအဖြေရှာသည့်ပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

“ ထောက်ပံ့မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိရင် မြန်မာနိုင်ငံက ပြည်သူတွေအကြောင်း ကျွန်မတို့ သတင်း ရေးသားလို့ မရပါဘူး။ လက်ရှိ VOA မှာ ဘာသာ ၄၀ နဲ့ ထုတ်လွှင့်နေပါတယ်။ ကျွန်မတို့ဌာနမှာတော့ ၁၀ ဘာသာနဲ့ ထုတ်လွှင့်နေပါတယ်။ ကျွန်မတို့ အတူတကွရှိရင် တန်ဖိုးတွေ တိုးတက်လာပြီး စတိုရီတွေ ပိုပြီး ပျံ့နှံ့အောင် လုပ်နိုင်လာမယ်” ဟု Ms.Nadia Madijd (အရှေ့အာရှနှင့် ပစိဖိတ် ညွှန်ကြားရေးမှူး- VOA) က ပြောသည်။

ထို့ပြင် “ ထောက်ပံ့မှုမရှိရင် မြန်မာအကြောင်း ကျွန်မတို့ကမ္ဘာကို ပြောလို့ မရပါဘူး ။ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ မီဒီယာလွတ်လပ်ခွင့်က အရေးကြီးပါတယ်” ဟု သူက ဆက်ပြောသည်။

Ms.Nadia Madijd က မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်မှာ မီဒီယာနှင့်ပတ်သက်ပြီး ဒီလို ပြောခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“ကမ္ဘာတစ်လွှားမှာ လွတ်လပ်ခွင့်တွေကို စိစစ်နေတဲ့အဖွဲ့ကြီးအဖွဲ့ကနေပြီး ဒီနှစ်မှာ ထုတ်ပြန်ထားတာက ကမ္ဘာတစ်လွှားမှာ နိုင်ငံတကာမီဒီယာတွေရဲ့လွတ်လပ်ခွင့် အဆင့်အတန်းဟာ ကျဆင်းနေတယ်လို့ ပြောတယ်။ အလားတူပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တယ်ဆိုလို့ရှိရင်လည်း အမျိုးမျိုး သူတို့ စိစစ်ပြီးတဲ့အခါကြတော့ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် လုံးဝမရှိတဲ့နိုင်ငံလို့တော့ မပြောဘူး။ ဒါပေမယ့် အနည်းအကျဉ်း လွတ်လပ်ခွင့် ရှိတယ်ဆိုတော့။ ကျွန်တော်တို့အားလုံးမြင်ချင်တာက လွတ်လပ်တဲ့ သတင်းမီဒီယာကိုပဲ မြင်ချင်တယ်” ဟု  VOA မြန်မာပိုင်းအစီအစဉ်ဌာနမှူး ဦးသန်းလွင်ထွန်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် “အသံ” အဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲခံရသည့် အမှု ပေါင်း ၂၀၀ ကျော်အထိ ရှိနေသည်။

ထိုသို့  ဒီမိုကရေစီအသွင်ကူးပြောင်းသည့် လမ်းကြောင်းပေါ်သွားနေသော်လည်း သတင်းစာလွတ်လပ်ခွင့်မှာ နိမ့်ကျလာသည့်အခြေအနေတွင် ရှိကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း က ပြောဆိုလိုက်သည်။

“ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းမှုသွားနေတယ်လို့ ပြောနေရင်းတန်းလန်းနဲ့ သတင်းစာ လွတ်လပ်ခွင့်က နိမ့်ကျလာတဲ့ အနေအထား ဖြစ်လာတယ်” ဟု ၎င်းက နိုင်ငံတကာ အဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက်များအပေါ် ပြန်လည်သုံးသပ်၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာ့မီဒီယာလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေချိန် ဆွေးနွေးပွဲတွင်“မြန်မာ့သတင်းမီဒီယာ ဘယ်လောက် ထိ လွတ်လပ်နေပြီလဲ” ဆိုသည့်ခေါင်းစဉ်နှင့် “အမျိုးဘာသာ၊ သာသနာကြွေးကျော်မှု တွေကြားက သတင်းမီဒီယာအကြောင်း” ဆိုသည့်  ခေါင်းစဉ် (၂) ခုကို ဆွေးနွေးခဲ့ကြသည်။

“ မြန်မာ့သတင်းမီဒီယာ ဘယ်လောက်ထိ လွတ်လပ်နေပြီလဲ” ဆိုသည့်ခေါင်းစဉ်အောက်တွင် ကိုဆွေဝင်း (Myanmar Now) ၊ဦးစိန်ဝင်း( Internews )၊  ဒေါက်တာ ဇင်မာကျော်(အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်) ၊ဆရာမ နန်းဖော့ဂေ( KIC( Karen Information Center) တို့က ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် “အမျိုးဘာသာ၊ သာသနာကြွေးကျော်မှု တွေကြားက သတင်းမီဒီယာအကြောင်း”ခေါင်းစဉ်ကို မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဦးမြင့်ကျော်၊ Yangon Journalism School မှ ဒေါ်အေးမြကျော်၊ ဦးသီဟစော၊ ဒေါက်တာရန်မျိုးသိမ်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly