လက်သည်းလေးတွေ ပျက်စီးအောင် သင်လုပ်မိနေတဲ့အပြုအမူ (၆) ခု

လက်သည်းလေးတွေ ပျက်စီးအောင် သင်လုပ်မိနေတဲ့အပြုအမူ (၆) ခု

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


မိန်းကလေးတွေက လက်သည်းလေးတွေသန့်ရှင်းလှပဖို့တော့ ဂရုတစိုက်ရှိကြပါတယ်။ ဆိုင်မှာတောင် အလှပုံဖော်တာ၊ လက်သည်းအားဖြည့်တာတွေ၊အစုံလုပ်ကြသေးတာ လက်သည်းကျန်းမာရေးကိုသတိမေ့ဖို့တော့မသင့်ပါဘူး။ လက်သည်းမကျန်းမာရင် ဘယ်လောက်လှအောင်လုပ်လုပ် အဆင်ပြေမှာမဟုတ်လို့ပါပဲ။ လက်သည်းလှလှလေးပြင်ဆင်ထားလည်း ကြွပ်ဆတ်နေတယ်၊ ကျိုးပဲ့လွယ်တယ်ဆို စိတ်ညစ်ရတယ်လေ။

ဒီလက်သည်းလေးတွေကို ထိခိုက်ပျက်စီးစေမယ့်အရာတွေ ကိုယ်လုပ်မိနေတာဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါတွေသိထားမယ်ဆိုရင် မြန်မြန်ဆင်ခြင်လို့ရတာပေါ့။
(၁) လက်သည်းနီမဖျက်ဘဲ အကြာကြီးဆိုးထားတာ

လက်သည်းနီတာရှည်ခံတာ၊ မပျက်တာဆို သဘောကျကြတယ်မလား။ တကယ်တော့ လက်သည်းနီကိုအကြာကြီးဆိုးမထားဘဲ ဖျက်ပေးတာက လက်သည်းကျန်းမာရေးအတွက်ပိုကောင်းပါတယ်။ လက်သည်းနီအကြာကြီးဆိုးထားတဲ့အခါ လက်သည်းနီရဲ့အရောင်တွေက လက်သည်းရဲ့အပေါ်ဆုံးအလွှာတွေကို ဝင်ရောက်နိုင်ပြီး ခြောက်သွေ့သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လှအောင်ဆိုးထားလည်း အကြာကြီးမဆိုးဘဲ လက်သည်းနီဖျက်ထားတဲ့ကြားအချိန်ကာလတော့ရှိသင့်ပါတယ်။
(၂) လက်သေချာမဆေးတာ

တစ်နေ့ကိုအကြိမ်တစ်ရာလောက်လက်ဆေးနေပေမယ့် လက်သည်းတွေကိုရောသန့်စင်အောင်ဆေးမိရဲ့လား။ လက်ဖဝါးကိုပဲ အားရပါးရဆေးနေတာပဲလား။ လက်ဆေးတဲ့အခါ လက်သည်းလေးတွေကို သေချာမဆေးဘူးဆိုရင် ကြိုကြိုကြားကြားမှာ ဘက်တီးရီးယားတွေကပ်ငြိပြီး လက်သည်းပိုးဝင်တာတွေဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့ကြောင့် လက်ချောင်းထိပ်တွေ၊ လက်သည်းကြားတွေကိုပါ သန့်ရှင်းအောင်ဆေးကြောပါ။ တစ်နေ့ကိုတစ်ကြိမ်လောက်တော့ ဘရက်ရှ်လေးနဲ့လက်သည်းကိုတိုက်ဆေးတာလည်းလုပ်လိို့ရပါတယ်။
(၃) လက်သည်းသုံးပြီး ကုတ်ခွာတာ၊ အဖုံးဖွင့်တာ

ပုလင်းအဖုံးတွေ၊ ဘူးတွေကို ဖွင့်တဲ့အခါ လက်သည်းသုံးပြီး ကုတ်မခွာပါနဲ့၊ ဇွန်းဖြစ်ဖြစ် တုတ်ချောင်းဖြစ်ဖြစ်သုံးပါ။ လက်သည်းဆိုတာကိရိယာတစ်ခုလို နေရာတကာသုံးဖို့မဟုတ်ပါဘူးနော်။
(၄) လက်အိတ်မပါဘဲ ပန်းကန်ဆေးတာ

ဒါကတော့ လူတိုင်းနီးပါး လုပ်နေကျပါ။ ဘယ်သူမှ လက်အိတ်ကိုတကူးတက ဝတ်ပြီးပန်းကန်မဆေးကြပါဘူး။ ဒါပေမယ့် လက်သည်းလှပကျန်းမာနေတာက အိမ်အလုပ်မလုပ်ရတဲ့သူတွေပဲဖြစ်နေတာကို သတိထားမိကြမှာပါ။ ပန်းကန်ဆေးဆပ်ပြာမှာပါတဲ့ ဓာတုချေးချွတ်ဆေးကြောင့် လက်အသားအရေနဲ့ လက်သည်းကိုခြောက်သွေ့စေနိုင်ပါတယ်၊ လက်သည်းကိုခြောက်သွေ့ကွဲအက်စေနိုင်တယ်၊ အားနည်းစေနိုင်တယ်။
(၅) လက်သည်းကိုက်တာ

လက်သည်းကိုက်တာက လက်သည်းကြားက ဘက်တီးရီးယားတွေ သွားနဲ့သွားဖုံးကို ပိုးဝင်စေနိုင်ရုံမက ခံတွင်းကဘက်တီးရီးယားတွေကိုလည်း လက်သည်းဆီပို့လွှတ်နိုင်ပါတယ်။ ကိုက်ဖဲ့လိုက်တဲ့လက်သည်းကနေ ပိုးဝင်ပြီး လက်သည်းကျန်းမာရေးကိုထိခိုက်စေပါလိမ့်မယ်။
(၆) အသီးအရွက်တွေမစားတာ

အသီးအရွက်ဆို ဟင့်အင်းဆိုပြီး အသားမှ အသားပဲကြိုက်တဲ့သူတွေအတွက် လက်သည်းကျန်းမာလှပဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ကြက်ဥ၊ ဟင်းနုနွယ်တို့လို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက လက်သည်းကိုအားဖြည့်ပေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly