ဘာသာပေါင်းစုံ အင်စတော်လေးရှင်း လက်ရာများဖြင့် တစ်ကိုယ်တော် ပန်းချီပြပွဲ

ဘာသာပေါင်းစုံ အင်စတော်လေးရှင်း လက်ရာများဖြင့် တစ်ကိုယ်တော် ပန်းချီပြပွဲ
ဓာတ်ပုံ-ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန်လ၂၉ ။            ။ ဒုတိယအကြိမ်မြောက် ထူးအောင်ကျော်နှင့် ဆန်စင်ရာကျည်ပွေ့လိုက်များ အမည်ဖြင့် ပန်းချီပြပွဲကို ရန်ကုန်မြို့၊လောကနတ် ပန်းချီ ပြခန်းမှာ ဇွန်လ ၂၈ ရက်နေ့က စတင်ပြီး ၃ ရက်တိုင် အင်စတော်လေးရှင်း လက်ရာများဖြင့် ပြသထားပါတယ်။

၂၀၁၀ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ နောက်ဆုံးပြပွဲ ပြုလုပ်ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ ဒုတိယ အကြိမ်မြောက် ပြုလုပ်တဲ့ပွဲမှာ ဘာသာပေါင်းစုံ အင်စတော်လေးရှင်း ၊ လူဘဝ၏ အနိမ့်အမြင့် ၊ ကမ္ဘာလောကြီးကိုရူမြင်ခြင်းစတဲ့ အင်စတော်လေးရှင်း ပြကွက်ကိုများကို ထူးထူးခြားခြား ပြသထား တာ ဖြစ်ပါတယ်။

"ဒီ အင်စတော်လေးရှင်းကို ပြချင်တာက ကျွန်တော်တို့ ဒီကမ္ဘာမှာက ဘယ်လိုပဲ ဘာသာတရားတွေ ကွဲကွဲ ၊ လူမျိုးတွေ ကွဲကွဲ ၊အသားအရောင်တွေ ကွဲကွဲ ၊ ကျွန်တော်တို့ရဲ့ ရွှေရောင်ပန်းတိုင် ကတစ်ခုပဲ ရှိပါတယ်။ အဲဒါကိုပြချင်တာပါ။ ကျွန်တော်တို့လိုချင်တာက လူတိုင်းငြိမ်းချမ်းမူကို လိုချင်တာကို အဲဒီအတွက် ကိုယ်အသက်တစ်လျှောက်လုံးမှာ ဖြစ်နေတဲ့ ဒုက္ခ ၊သုခ တွေကြားမှာ ငြိမ်းချမ်းမှု ကို ဘယ်လိုရှာကြမလဲ။ အမှန်တရားဆိုတာ ဘယ်လိုဟာမျိုးလဲ ၊အမှန်တရားကို ဘယ်လိုရှာဖွေမလဲ" ဟု ဘာသာပေါင်းစုံအင်စတော်လေးရှင်း ပြကွက်နှင့် ပတ်သက်ပြီး ပန်းချီဆရာ ထူးအောင်ကျော်က ပြောပါတယ်။

ပန်းများ-တင်ဆက်မှုအနုပညာဟု အမည်ပေးထားသည့် အင်စတော်လေးရှင်းပြကွက်တွင် ကိုးကွယ်မှု ဆိုင်ရာ ရုပ်တုများ ၊ပန်းများ ၊ မှန် ၊ စီဒီချပ် ၊ပိတ်စ ၊ ဆေးရောင်များကို ပြသထားတာဖြစ်ပြီး ပန်းတွေ ဘယ်လိုပဲ အမျိုးပေါင်းများစွာ ကွဲပြားပါစေ၊ လူသားတွေ ဘယ်လိုပဲ အမျိုးပေါင်းများစွာ ကွဲပြားပါစေ ၊ ဘာသာတရားတွေ ဘယ်လိုပဲ ၊အမျိုးပေါင်းများစွာ ကွဲပြားပါစေ ၊ ဖြစ်၊တည်၊ပျက် ဆိုသည့် လောက နိယာမကတော့ အရာရာအားလုံးအတွက် အတူတူပါပဲ ဆိုသည့် စာသား ဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုပြထားပါတယ်။

အဆိုပါ ပန်းချီပြပွဲမှာ အင်စတော်လေးရှင်း လက်ရာ ၃ခုနဲ့ ပန်းချီကား ၁၆ ကားကို ပြသထားပြီး လောလောဆယ်မှာတော့ လက်ရာတွေကို ရောင်းချဖို့ မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ပရိတ်သတ်များအနေနဲ့ ကြိုက်နှစ်သက်လို့ လက်ရာ၊ပန်းချီကို စျေးနှုန်းတန်ဖိုးဖြတ်ပြီး ဝယ်ချင်တယ်ဆိုရင်တော့  ရောင်းချသွားမယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required