သတ္ထုတူးဖော်မှုများကြောင့် နေအိမ်များပျက်စီးနေမှုအပေါ် ပြင်ဆင်စရိတ် တောင်းဆိုထားသော်လည်း ပြေလည်မှု မရသေး

သတ္ထုတူးဖော်မှုများကြောင့် နေအိမ်များပျက်စီးနေမှုအပေါ် ပြင်ဆင်စရိတ် တောင်းဆိုထားသော်လည်း ပြေလည်မှု မရသေး
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန်လ၂၈ ။           ။ မိုးကုတ်မြို့၊ကျောက်ဆောင်ကျေးရွာအနီးတွင် သတ္ထုတူးဖော်မှုများကြောင့် ကျောက်ဆောင်ကျေးရွာရှိ နေအိမ်များပျက်စီးနေမှုကို တာဝန်ခံပြုပြင်ပေးရန် တောင်းဆိုထားသော်လည်း ပြေလည်မှု မရသေး ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါနေရာတွင် ကျောက်မျက်နှင့် သတ္ထုတူးဖော်သည့် ကုမ္ပဏီ ၆ ခု၏ သတ္တုတူးဖော်မှုကြောင့် ပျက်စီးနေသည့်နေအိမ်များအား  ပြုပြင်ပေးရန်  ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ဒေသခံများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"သူတို့လုပ်နေတဲ့ကိစ္စမှာလည်း မုန်းလို့လာတိုင်တာမဟုတ်ဘူး။ သူတို့လည်းရသွားတယ်။ သူတို့ ကျောက်တွေ ရသွားတယ်။ အဲဒါကိုလာတိုင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်တာက ကျွန်တော်တို့ ရွာကြီးအောက်ကိုတူးတယ်။ တူးတယ်ဆိုတာက ရေမြောင်းကြီးလိုတူးတာ တွင်းဆိုတာက တစ်ပေါက် ထဲကို တွင်းလို့ခေါ်တာ။ ကျွန်တော်တို့ကျေးရွာ အောက်ကြီးကို ရေမြောင်းကြီးလို တူးဖော်သွားတာ ၊ ပေပေါင်းက ၁၅၀၀ ၊ ၂၀၀၀ လောက် အနက်ရှိတယ်။ဒါကြီးကို အောက်ကိုရောက်သွားတော့ အက် ကုန်တာပေါ့။ အဲလိုအက်တဲ့အခါကြတော့ ကျွန်တော်တို့ အိမ်တွေအကုန်လုံး ဘယ်လိုမှလုပ်လို့ မရ တော့ဘူး”ဟု ကျောက်ဆောင်ကျေးရွာမှ ဦးကျော်သန်းက ပြောသည်။

အဆိုပါ ကျောက်ဆောင်ကျေးရွာတွင်အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် သတ္ထုကြော စတင်ပေါ်ပေါက်လာသောကြောင့် ၁၉၇၀ ခုနှစ်မှစတင်ကာ သတ္ထုတူးဖော်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ လက်ရှိအခြေအနေတွင် ကျောက်ဆောင်ကျေးရွာရှိ နေအိမ်အများစုမှာ ကုမ္ပဏီများ၏ တူးဖော်မှုများကြောင့် ပေပေါင်းများစွာသော အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့ကာ နေအိမ်များ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ကျောက်ဆောက်ကျေးရွာက ပြည်သူနေအိမ်တွေ ပျက်စီးနေပါတယ်ဆိုတဲ့အကြောင်း ကို ပထမဆုံးစပြီးတော့ လုံးဝမခံမရပ်နိုင်တော့လို့ သမ္မတ ကိုတိုင်လိုက်ပါတယ်။၂၀၁၇ ခုနှစ် ဇန်နဝါရီ လမှာ တစ်ကြိမ်၊ ကျွန်တော်တို့ရွာကအိမ်တွေ ပျက်စီးတဲ့အကြောင်းကိုတိုင်လိုက်ပါတယ်။ သမ္မတရုံးက ပြန်စာလာပါတယ်။၂၀၁၇ ခုနှစ် ဧပြီလမှာ ပြန်စာလာပါတယ်။ ကျောက်မျက်တူးဖော်ထားတဲ့ ကုမ္ပဏီ တွေကြောင့်ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ဟိုက အမိန့်ချလိုက်တယ်။ အဲဒါ ကိုလည်း သူတို့က ဥပဒေကိုထိထိရောက်ရောက်လိုက်နာမှုမရှိဘူး။ ကျွန်တော်တို့ အိမ်တွေ ပျက်စီးသွားတာကို သူတို့က အမှုမဲ့ အမှတ်မဲ့ပဲ ကျွန်တော်တို့ ကျေးရွာ ပြည်သူတွေကို စိတ်ကျေနပ်မှု ရအောင် မလုပ်ပေးနိုင်ဘူး။ ၂၀၁၈ မှာ ဒုတိယအကြိမ် တိုင်တယ် ပြန်စာလာတယ်။၂၀၁၉ ခုနှစ် ဇန်နဝါရီ လမှာတိုင်တယ်။ အခု ဇွန်လ ရှိနေပြီ ပြန်စာလည်း မလာသေးဘူး။ ကျွန်တော်တို့ အစိုးရက ရွာကိုတိုင်ထားတဲ့စာကို အပေါ်ကို မရောက်တာလား၊တိုင်ထားတဲ့အမှု ကို မရှင်းပေးစေချင်တာလား ၊ အဲဒါလေးကို မြန်မြန်လေးရှင်းပေးစေချင်ပါတယ် " ဟု ကျောက်ဆောင်ကျေးရွာ မှဒေသခံတစ်ဦးဖြစ်သူ ကိုရန်နိုင်ထွန်း က ပြောသည်။

သတ္ထု ထူးဖော်မှုကြောင့် နေအိမ်ပျက်စီးနေမှုများကို သက်ဆိုင်ရာကုမ္ပဏီ ၆ ခုအား ပြုပြင်ပေးရန် တောင်းဆိုရာတွင် ပြင်ဆင်ရန်တောင်းသည့်စရိတ်နှင့် ကုမ္ပဏီမှ ပေးချေသည့် စရိတ်ကြား ကွာဟမှု ရှိနေသောကြောင့် Third Party မှ ကြားဝင်တွက်ချက်ပေးခဲ့ကြောင်း သို့သော်လည်း ကျေးရွာမှ ပြည်သူများ၏ ဆန္ဒနှင့်ကိုက်ညီမှုမရှိခဲ့သောကြောင့် ပြေလည်မှု မရသေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly