မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့

မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အပြင်က မိုးကလည်း တဖွဲဖွဲနဲ့ ရွာနေတော့တာပဲနော်။ မိုးရေအောက်မှာ ထီးဆောင်းရင်း သဘာဝအငွေ့အသက်တွေ ခံစားရတဲ့ကြိုက်တဲ့သူတွေရှိသလို အိမ်ရှင်မတွေအနေနဲ့လည်း ကိုယ့်အိမ်သားကျန်းမာရေးကို စိုးရိမ်ရ၊ အဝတ်တွေ မခြောက်လို့ စိတ်ညစ်ရတယ်နော်။ ခုလိုမိုးရာသီမှာ တစ်မိသားစုလုံး ကျန်းမာဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ပုံမှန်အချိန်ထက် ပိုပြီး ဂရုစိုက်ဖို့တော့ လိုတာပေါ့။
မိုးရာသီမှာ သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ။

အိမ်ရှင်မတွေအနေနဲ့ ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်နေအောင်၊ မိသားစုဝင်တွေအနေနဲ့ ဖျားနာခြင်းကင်းဝေးပြီး ကျန်းကျန်းမာမာ နေနိုင်အောင် ခုပြောပြမယ့်နည်းလမ်းတွေကို သေချာလုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။

၁။ အပြင်က ပြန်လာတာနဲ့ ရေစိုနေတဲ့ အဝတ်အစားတွေကို အကုန်ချွတ်လဲပါ။ ရေစိုအဝတ်ကို မလဲဘဲဒီအတိုင်းနေရင် အရေပြားက မှိုစွဲဖို့လည်း လွယ်သလို အအေးဒဏ်ကြောင့် နှာစေးအအေးမိတာတွေလည်း ဖြစ်နိုင်တယ်နော်။

၂။ ခြေထောက်ကို အရင်ရေလောင်းပါ။ ပြီးသွားမှ ဆပ်ပြာနဲ့ ခြေချောင်းတွေကြားထဲကို သေချာဆေးကြောပေးပါ။ မိုးရေနဲ့အတူ ခြေထောက်သဲဝဲစားတာ အလွန်အဖြစ်များတဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်။

၃။ ရေစိုနေတဲ့ ဆံပင်ကို ခြောက်အောင် အရင်သုတ်ပါ။ ပန်ကာရှေ့မှာ ချက်ချင်းမနေပါနဲ့။

၄။ ချွေးတိတ်သွားပြီဆိုရင် ရေအေး သို့မဟုတ် ရေနွေးနဲ့ ရေချိုးပေးပါ။ ရေချိုးတဲ့အခါမှာလည်း ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေနိုင်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ဒူးခေါင်းအောက်တွေကို သေချာဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပါ။

၅။ ရေကို ခြောက်အောင်အမြန်သုတ်ပြီး နွေးနွေးထွေးထွေး နေပါ။

၆။ အဝတ်အစားတွေကို အများကြီးစုပုံပြီးမှ လျှော်တာထက် နည်းနည်းချင်းစီ လျှော်ပေးပါ။ အကျီတွေ ဖားဥစွဲနေပြီဆိုရင် ဆက်မဝတ်ပါနဲ့။

၇။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတွေ မဖြစ်စေဖို့ ကလေးတွေကို ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။ လိုအပ်ရင် ကာကွယ်ဆေးထိုးပေးတာ၊ ခြင်မကိုက်စေဖို့ ခြင်ဆေးဖျန်းပေးတာ၊ ခြင်ဆေးလိမ်းပေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

၈။ အပြင်ကနေ ပြန်လာရင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။ လက်အလွယ်တကူ ဆေးလို့မရတဲ့နေရာတွေမှာ လက်သန့်စင်ဆေးရည်ကို ဆောင်သွားပါ။ လက်မဆေးဘဲ ပါးစပ်ထဲလက်ထည့်တာ၊ မုန့်စားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

၉။ လူများတဲ့နေရာတွေ သွားတော့မယ်ဆိုရင် နှာခေါင်းစည်းတပ်သွားပါ။ ပူနွေးစွတ်စိုတဲ့ ရာသီမှာ လေထုထဲမှာရှိတဲ့ အအေးမိ၊ ငှက်ဖျားပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

၁၀။ အစားအစာတွေကို အိမ်မှာပဲ သေချာချက်ပြုတ်ပြီး ပူပူနွေးနွေးစားသောက်ပါ။ ချက်ပြုတ်ပြီးရင် ယင်မနားအောင် အုပ်ဆောင်းနဲ့ သေချာအုပ်ထားပါ။ ယင်နားစာတွေ စားမိရင် ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ လမ်းဘေးစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။

၁၁။ အေးမြတဲ့ ရာသီဥတုကြောင့် အသားခြောက်တာမျိုး မဖြစ်စေဖို့ ရေများများသောက်ပါ။ အချဉ်ဓာတ်များပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေစားပေးပါ။

၁၂။ အပြင်သွားရင် ထီး၊ မိုးကာအကျီင်္ မဖြစ်မနေထည့်သွားပါ။ ရေအိုင်၊ ဗွက်အိုင်တွေ တွေ့ရင် ခြေထောက်နဲ့မနင်းဘဲ ရှောင်သွားပါ။

ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာ အမြဲဆက်စပ်နေတယ်ဆိုတာကို မမေ့နဲ့နော်။ ဒါကြောင့် ခုပြောခဲ့တဲ့အချက်တွေကို သေချာဂရုစိုက်လိုက်နာပြီး မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာကို ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly