လက်ရှိ ရုပ်ရှင်လောကတွင် သရုပ်ဆောင်ကောင်း ရှားပါးနေသည်ဟု အကယ်ဒမီအောင်ခိုင်ပြော

လက်ရှိ ရုပ်ရှင်လောကတွင် သရုပ်ဆောင်ကောင်း ရှားပါးနေသည်ဟု အကယ်ဒမီအောင်ခိုင်ပြော
ဓာတ်ပုံ - ဖူးအိအိနွယ်

ဇွန် ၂၄၊ ရန်ကုန် ။        ။ လက်ရှိရုပ်ရှင်လောကတွင် သရုပ်ဆောင်အရေအတွက်များနေသော်လည်း သရုပ်ဆောင်ကောင်း ရှားပါး နေသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်၊ စည်းရုံးရေးမှူး (၁) အကယ်ဒမီအောင်ခိုင်က မဇ္စျိမကို ပြောသည်။

“အခုအချိန်မှာ အနုပညာလောကမှာက သရုပ်ဆောင်တွေများတယ်။ သရုပ်ဆောင်ကောင်းတွေ ရှားတယ် ပေါ့နော်။ အဲ့တော့ သရုပ်ဆောင်ကောင်းတွေ ထွက်ပေါ်လာစေချင်တယ်။ အစားထိုးဝင်ရောက်မယ့် သရုပ်ဆောင်တွေ ထွက်ပေါ်လာစေချင်တယ်။ အဲ့တော့ ဒီလောကရဲ့ အားသားချက်၊ အားနည်းချက် တွေကိုတော့ အရှည်ကြီးမပြောချင်ဘူး” ဟု ၄င်းက ပြောသည်။

ထို့ကြောင့် သရုပ်ဆောင်ကောင်းများပိုမိုထွက်ပေါ်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင်သင်တန်းများကို နှစ်စဉ်ပြုလုပ်ခဲ့ရာ ယခုနှစ်အတွက် သရုပ်ဆောင်နှင့် ဒါရိုက်တာသင်တန်းကို ဇွန်လ ၂၄ ရက်နေ့က ဗဟန်းမြို့၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် စတင်ဖွင့်လှစ်ခဲ့သည်။

“အဓိကကတော့ သရုပ်ဆောင်လောကမှာ သရုပ်ဆောင်ကောင်းတွေ ထွက်ပေါ်စေချင်တဲ့ ဆန္ဒနဲ့ ဒီသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်” ဟု အကယ်ဒမီ အောင်ခိုင်က ပြောသည်။

ယခုဖွင့်လှစ်လိုက်သည့် ၁/၂ဝ၁၉ သရုပ်ဆောင်နှင့် ဒါရိုက်တာသင်တန်းတွင် အမျိုးသမီး သရုပ်ဆောင် သင်တန်းသူ ၁၇ ဦး၊ အမျိုးသားသရုပ်ဆောင်သင်တန်းသား ၁၃ ဦးနှင့် ဒါရိုက်တာသင်တန်းသား ၁ဝ ဦး စုစုပေါင်း အယောက် ၄ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

“မြန်မာစကားပုံလည်း ရှိပါတယ်။ သဲအုတ်တို့နေရာမှာ ကျောက်အုတ်တို့ကို အစားထိုးရမယ်ဆိုတာ။ သရုပ်ဆောင်လောကမှာလည်း အဲ့အတိုင်းပဲ ငယ်စဉ်က ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ အသက်ကြီးလာတဲ့အခါ တဖြည်းဖြည်းဇရာပိုင်းရောက်လာပြီ။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို မလုပ်နိုင်ဘူး။ အဲ့နေရာမှာ သူတို့လိုသရုပ်ဆောင်ကောင်းတဲ့ သူတွေလိုအပ်နေပြီ။ အဲ့တော့ ဒီနေရာမှာ အစားထိုးနိုင်ဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

နှစ်စဉ်တစ်နှစ်တစ်ခါပြုလုပ်သည့် အဆိုပါသင်တန်းတွင် ဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင်များက သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေး ကျပ် ၃သိန်းကျသင့်မည်ဖြစ်ကာ သင်တန်းကာလ ၃ လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required