ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၂၁ ။            ။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအပေါ် ကန့်ကွက်ရှုတ်ချခြင်းကို ဇွန် ၂၁ ရက်၊ မွန်းလွဲပိုင်းအချိန်က ရဟန်း၊လူပုဂ္ဂိုလ် ရာဂဏန်းခန့်က ရန်ကုန်မြို့၊ဆူးလေပန်းခြံအရှေ့ရှိ ယာဉ်ရပ်နားကွင်းနေရာတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

" လ.၀. က မှာ စာဆိုလေး ရှိတယ်။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုး ပျောက်မယ်။ ဒီဟာက ငါတို့ နိုင်ငံသားတွေ ၊ ငါတို့မြန်မာပြည်သားတွေ လူမျိုခံရမယ့်အနေအထား ဖြစ်တယ်။ အဲဒီတော့ ငါတို့လူမျိုး လူမျိုမခံရအောင် ဒါက လိုကို လိုတယ်။ လုပ်ကိုလုပ်သင့်တဲ့အလုပ်မို့လို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကို လာတာပါ " ဟု ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသူ ဦးနေမျိုးအောင်ကို ပြောသည်။

လူ ရာနှင့်ချီသည့်ဆန္ဒထုတ်ဖော်ပွဲကို မွန်းလွဲပိုင်း ၂ နာရီခန့်က စတင်ကျင်းပခဲ့ပြီး ဟောပြောမည့်သူများအဖြစ် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော် ၊ စာရေးဆရာ ဦးအောင်ကျော်ဆန်း ၊ ရှေ့နေ ဦးအေးပိုင်တို့က ဟောပြောခဲ့ကြသည်။

" ယနေ့ လွှတ်တော်ကြီးမှာ အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းပါ ပုဒ်မအချို့ဟာ ကျွန်မတို့မြန်မာနိုင်ငံတော်ကြီး ကျွန်မတို့မြန်မာနိုင်ငံသားတွေ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက် ကန့်ကွက်ပါကြောင်း ဆန္ဒဖော်ထုတ်ဖို့ ပရိသတ်ကြီးနဲ့အတူ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဧည့်ပရိသတ်ကြီးရှင် ကျွန်မတို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ဆိုတာ မရှိပါဘူး ၊ ကလေးသူငယ်ဆိုင်ရာဥပဒေ မရှိဘူး ၊ ရှိတာက Child Law လို့ခေါ်တဲ့ ကလေးသူငယ်ဥပဒေပဲ ရှိပါတယ်။ ဒါဆိုရင် ဒီဥပဒေဟာ ဘာကြောင့်ပေါ်ပေါက်လာရတာလဲ လေးစားရတဲ့ ဧည့်ပရိသတ်ကြီးရှင် ကျွန်မတို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးတွေ ဖောက်ဖျက်ခံနေရပါတယ်။ ကျူးလွန်ခံနေရပါတယ်။ ဥပဒေနဲ့ ကာကွယ်ပေးပါ၊ ဥပဒေနဲ့ စောင့်ရှောက်ပေးပါ ၊ ရေးဆွဲပေးပါလို့ ဘယ်နေရာ ၊ ဘယ်နိုင်ငံ ဘယ်ဒေသမှမှာ တောင်းဆိုတာ မတွေ့ရပါဘူးရှင် " ဟု  တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော် က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပွဲစီစဉ်သူများထံမှ သိရသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ကို ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုပြီး သမ္မတထံ လက်မှတ်ရေးထိုးရန် ပေးပို့ထားသည်။ ယင်းဥပဒေပါ ပြဌာန်းချက်အချို့သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို လွှမ်းမိုးသည့် အချက်များ ပါဝင်နေသည်ဟု  အမျိုးသားရေးဝါဒီ သမားများက  ထင်မြင်သုံးသပ်သည့်အတွက် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ နှင့် ပတ်သက်ပြီး ကြံခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် “ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ” ပါ ပြ႒ာန်းချက် အချို့သည် တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်သည်ဟု ယူဆကာ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ နေပြည်တော်တွင် ဇွန်လ ၂၂ရက်၌ ဆန္ဒပြရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly