ဒုက္ခသည်နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၅ သိန်းကျော် နေရပ်ပြန်ရန် အဆင်မပြေနိုင်သေးဟု အစီရင်ခံစာထုတ်

ဒုက္ခသည်နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၅ သိန်းကျော် နေရပ်ပြန်ရန် အဆင်မပြေနိုင်သေးဟု အစီရင်ခံစာထုတ်
ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိ ဒုက္ခသည်တစ်ချို့ကိုတွေ့မြင်ရစဉ်။ ဓာတ်ပုံ - စိုးသူအောင် (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၂၀ ။             ။ မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက်မှ ဒုက္ခသည်များအပါအဝင် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် နေရပ် စွန့်ခွာရသူများအနေဖြင့် နေရပ်ပြန်ရန်အဆင်မပြေနိုင်သေးကြောင်း အရပ်ဖက်အဖွဲ့အစည်း ၁၅ ခုမှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။

ရေရှည်တည်တံ့သည့် နေရပ်ပြန်ရေး လုပ်ငန်းစဉ်ဖြစ်ပေါ်လာရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ နေထိုင်ရန် မြေနေရာတို့အပြင် မိုင်းအန ္တရာယ် တို့ကို အရင်ဖြေရှင်းရန်လိုအပ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ရေးသား ခဲ့သည်။

“ အခြေအနေကဘာလဲဆိုတော့ ငြိမ်းချမ်းရေးလက်မှတ်ထိုးတာတစ်ခုထဲက ဒုက္ခသည်တွေပြန်ဖို့ အဆင်ပြေပြီ ဆိုတဲ့အဖြေမဟုတ်ဘူး။ ဒုက္ခသည်တွေပြန် ပြီးလို့ရှိရင်လည်း အသက်မွေးဝမ်းကျောင်း ခိုင်ခိုင်မာမာ ရပ်တည် နိုင်အောင်။ နောက်တစ်ခါ အဆင်မပြေလို့ နေရပ်စွန့်ထွက်ပြေးရတဲ့ဘဝ မရောက်အောင် ရေရှည်တည်တံ့ ခိုင်မြဲတဲ့ နေရပ်ပြန်ရေးဖြစ်အောင် အာမခံပေးနိုင်မယ့်အချက်တွေမပြည့်စုံသေးဘူးပေါ့။ အဓိကအချက်တွေပါ” ဟု ရှေ့ပြေးအသံအဖွဲ့(PV) မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်မင်းက မဇ္စျိမသို့ပြောသည်။

ရန်ကုန်မြို့ရှိ ဂရင်းဟေးဟိုတယ်တွင် “ အိမ်မလွမ်းသူ ဘယ်သူရှိမလဲ “ ခေါင်းစဉ်ဖြင့် ဇွန် ၂၀ ရက်က အစီရင်ခံစာထုတ်ပြန်ခဲ့သည့် ပွဲတွင်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများအရေးကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးအဖြေရှာကြရန်လည်း ၎င်းကတိုက်တွန်းလိုက်သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ NCA ရေးထိုးပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်မှစတင်ကာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် အဖွဲ့အသီးသီးမှ ထောက်ပံ့မှုများလျော့ချခြင်းများလည်း ကြုံတွေ့ နေရသည်ဟု ဦးအောင်ခိုင်မင်းကဆိုသည်။

“ ပြောတာကတော့ မိမိဆန္ဒအလျှောက်နေရပ်ပြန်ရေးပေါ့နော်။ ဒါပေမယ့် တကယ်တန်းကျတော့ ဒုက္ခသည်တွေကို ရိက္ခာဖြတ်ပြီး မပြန် ပြန်အောင်တွန်း ပို့နေတဲ့အနေအထားဖြစ်သွားတယ်” ဟု ရှေ့ပြေးအသံအဖွဲ့(PV) မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်မင်းကပြောသည်။

ထို့ကြောင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နေရပ်ပြန်ရေးကိစ္စရပ်များအား အမှန်တကယ်ကြုံတွေ့နေရသူများကို ပါဝင်ဆွေးနွေးစေလိုသည်ဟုလည်း အစီရင်ခံစာထဲတွင် တိုက်တွန်းခဲ့သည်။

အဆိုပါအစီရင်ခံစာကို အချိန်အားဖြင့် ၂နှစ်ခွဲခန့်ယူကာ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့အပြင် တနင်္သာရီတိုင်းရှိ ဒုက္ခသည် စခန်းများ အထိသွားရောက်ကာ ပြုစုထုတ်ပြန်ခဲ့ခြင်းဟုလည်း သိရသည်။

၎င်း အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၄ သိန်းကျော်ရှိနေပြီး နယ်စပ်ဒုက္ခသည်စခန်းများတွင်နေထိုင်သူမှာ ၁ သိန်းဝန်းကျင်အထိရှိ နေကြောင်းလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly