ဘယ်အချိန်မှာ ကျားဟော်မုန်းပမာဏကို စစ်ဆေးကြမလဲ

ဘယ်အချိန်မှာ ကျားဟော်မုန်းပမာဏကို စစ်ဆေးကြမလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကျားဟော်မုန်းဆိုတာ အမျိုးသားတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ယောက်ျားပီသမှုအတွက် မရှိမဖြစ် ဟော်မုန်းတစ်မျိုးပါ။ ဝှေးစေ့ကနေ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။

ကျားဟော်မုန်းကြောင့် ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူထပ်လာတယ်။ ကြွက်သားထုတက်လာတယ်။ ခွန်အားတက်လာတယ်။ လိင်စိတ်ဆန္ဒ ထကြွစေတယ်။ သုက်ပိုးတွေကို ကျန်းမာသန်စွမ်းစေပြီး မျိုးအောင်ခြင်းကို ဖြစ်စေတယ်။ ဒီဟော်မုန်းဟာ ရှိသင့်တဲ့ပမာဏထက် နည်းနေပြီဆိုရင်တော့ သိသာတဲ့ ပြောင်းလဲမှုလက္ခဏာတွေကို တွေ့ရမှာပါ။
လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏ

တက်စတိုစတီရုန်းပမာဏက အမျိုးသားတစ်ယောက်မှာ ၃၀၀ – ၁၀၀၀ ng/dl ရှိိပြီး အမျိုးသမီးတွေမှာ ၁၅ – ၇၀ ng/dl ရှိပါတယ်။ လူပျိုဖြစ်ကာစအရွယ်မှာ ကျားဟော်မုန်းပမာဏက အမြင့်ဆုံးဖြစ်ပြီး အသက်ကြီးလာတာ၊ ကျန်းမာရေးချူချာတာတွေကြောင့် ကျားဟော်မုန်းလျော့နည်းသွားစေနိုင်ပါတယ်။
ကျားဟော်မုန်း အနည်း၊ အများပေါ်မူတည်ပြီး ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေ

ကျားဟော်မုန်းတော်တော်လေး နည်းနေပြီဆိုရင်

  •     လိင်စိတ်ဆန္ဒ လျော့နည်းလာတာ
  •     လိင်တံလုံးဝ မထောင်မတ်နိုင်တော့တာ
  •     ကလေးမရနိုင်တာ၊ မြုံနေတာ
  •     လူက အားမရှိသလို ပင်ပန်းနွမ်းနယ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ကျားဟော်မုန်းပမာဏ နည်းတဲ့ ဆယ်ကျော်သက်ကောင်လေးတွေမှာ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ညှက်နေတာ၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု နှေးကွေးတာ၊ အမွေးအမျှင်ပါးတာ၊ ကြွက်သားဖွဲ့စည်းပုံမမှန်တာ အစရှိတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ကျားဟော်မုန်းက လိုတာထက်ပိုပြီး များနေတဲ့ အမျိုးသားတွေမှာ လိင်တံအရွယ်အစားက ပုံမှန်ထက် တော်တော်လေးကို ကြီးမားနေမယ်။ အသံက သြသြကြီးဖြစ်နေပြီး တိမ်ဝင်နေမယ်။ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ အများအပြားပေါက်လာမယ်။ ဆယ်ကျော်သက်အရွယ်မှာ ကြီးထွားမှုရပ်တန့်သွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
ကျားဟော်မုန်းပမာဏကို ဘယ်လိုစစ်ဆေးကြမလဲ။

ကိုယ်က တက်စတိုစတီရုန်းပမာဏကို စစ်ဖို့ ရက်ချိန်းယူတဲ့အခါ ဆရာဝန်တွေက မနက်ပိုင်းအချိန်ကို ချိန်းပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မနက်အစောပိုင်းအချိန်ဟာ အမျိုးသားတစ်ယောက်အတွက် တက်စတိုစတီရုန်းပမာဏ အမြင့်ဆုံး အချိန်ဖြစ်လို့ပါပဲ။ လိုအပ်တဲ့ သွေးဖောက်စစ်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ဆေးစစ်ရက်မတိုင်ခင် ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်စေနိုင်မယ့် ဆေးသောက်တာကို ရပ်ခိုင်းပါလိမ့်မယ်။

သွေးစစ်ပြီးတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်အနေနဲ့ ခန္ဓာကိုယ်က အမွေးအမျှင်တွေ ကျွတ်တာ၊ ကိုယ်အလေးချိန် ရုတ်တရက် တိုးလာတာ၊ အရပ်ပုသွားတာ၊ ရင်သားဆူထွက်လာခြင်း ရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။
ကျားဟော်မုန်းပမာဏ ပုံမှန်ဖြစ်စေဖို့ ကုသနည်းလမ်းတွေ

ပုံမှန််လုပ်နေကျ ကုထုံးကတော့ တက်စတိုစတီရုန်းဟော်မုန်း အစားထိုးကုထုံး (Testosterone Replacement Therapy – TRT) ဖြစ်ပြီး ကျားဟော်မုန်း ဆေးထိုးတာ၊ ကပ်ခွာကပ်တာ၊ ဟော်မုန်းဆေးရည်ကို အရေပြားမှာ သုတ်လိမ်းတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီကုထုံးဟာ အမျိုးသားအများစုအတွက် တော်တော်လေးထိရောက်မှုရှိပေမယ့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ညဘက်မှာ ကောင်းစွာအိပ်မပျော်တာ၊ ဝက်ခြံပေါက်တာ၊ သွေးခဲတာ၊ ဆီးကျိတ်ကြီးတာ၊ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာတာ၊ ရုတ်တရက်သတိလစ်တာပါ ဖြစ်နိုင်ပါတယ်။

သဘာဝအတိုင်း ကျားဟော်မုန်းပမာဏ ပုံမှန်ဖြစ်စေဖို့အတွက် အမျိုးသားတိုင်း ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာရမှာဖြစ်ပါတယ်။ အဓိကကတော့ ကြွက်သားထုတည်ဆောက်ဖို့ အလေးမတာ၊ Gym ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာအပြင် ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို ချမယ်။ အစာအာဟာရကို မျှတစုံလင်စွာ စားသုံးမယ်ဆိုရင် ကျားဟော်မုန်းကို ပုံမှန်အတိုင်း ထိန်းထားနိုင်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ သာယာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ရမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly