အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် ၈နာရီရှိဖို့ ဘာကြောင့်လိုအပ်တာလဲ

အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် ၈နာရီရှိဖို့ ဘာကြောင့်လိုအပ်တာလဲ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အိပ်ချိန်ဟာ လူတစ်ယောက် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးကြီးပါတယ်။ လူက ကောင်းကောင်းအိပ်မှပဲ နောက်နေ့နိုးလာရင် အားအင်ပြည့်ဖြိုး လန်းဆန်းတက်ကြွနေမှာပေါ့။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ဆိုတာ အိပ်ချိန်ပြည့်ဝနေမှ ဖြစ်မှာပါ။

စိတ်မကောင်းစွာနဲ့ပဲ ပြောရမယ်ဆိုရင် ဒီဘက်ခေတ် လူတော်တော်များများကို စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါ ညဘက်တွေမှာ အိပ်ချိန်တော်တော်နည်းနေကြတာကို တွေ့ရပါတယ်။ ဒီတော့ ဒီနေ့ အိပ်ချိန်နည်းသွားလို့ နောက်နေ့မှ ပြန်အစားထိုးပြီး အိပ်လို့ရော မရဘူးလားဆိုပြီး မေးစရာကရှိလာပါတယ်။ အဖြေကို အလွယ်ပြောရမယ်ဆိုရင်တော့ လုံးဝမရပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ််ချိန်ဆိုတာ ပြန်ပြီး အစားထိုးလို့ မရတဲ့အရာတွေထဲက တစ်ခုပါ။ ကိုယ့်အသက်အရွယ်နဲ့ သတ်မှတ်ထားတဲ့ အိပ်ချိန်အတိုင်း ပြည့်ဝစွာ မအိပ်ဘဲ နောက်နေ့မှ ပိုအိပ်မယ်ဆိုရင်လည်း ဘာမှမထူးလာပါဘူး။
လူတစ်ယောက်ရဲ့ ညအိပ်ချိန်တွေက ဘယ်လောက်ရှိသင့်လဲ။

ဒါကတော့ ကိုယ့်ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်ပြီး ကွာသွားနိုင်ပါတယ်။ ဥပမာအားဖြင့်

မွေးကင်းစ ကလေးငယ်တွေ = ၁၆ – ၁၈ နာရီထိ

မူကြိုတက်ကာစ အရွယ် = ၁၁ – ၁၂နာရီထိ

မူလတန်းကလေး အရွယ် = အနည်းဆုံး ၁ဝနာရီ

ဆယ်ကျော်သက်တွေ = ၉ – ၁ဝနာရီ

၁၈နှစ်နောက်ပိုင်း အရွယ်ရောက်ပြီးသူတွေ = ၇ – ၈နာရီအထိ ရှိရပါမယ်။
အိပ်ချိန်တွေကို နှောင့်ယှက်ဖျက်ဆီးနေတဲ့အရာတွေက ဘာတွေလဲ။

ဆယ်ကျော်သက်အရွယ်တွေအတွက် မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းက အိပ်ချိန်ကို အရမ်းနည်းစေတဲ့ အဓိကတရားခံပါပဲ။ ဖုန်းကို မနက်ကနေ ညမိုးချုပ်တဲ့အထိ လက်ကမချတမ်း အသုံးပြုတဲ့အခါ မျက်စိနဲ့ အာရုံကြောတွေက ညောင်းကိုက်လာပါတယ်။ ဒါပေမယ့်လည်း ကိုယ်က ဖုန်းထဲစိတ်ရောက်နေတော့ ဒီပင်ပန်းတာတွေ၊ အိပ်ချင်တာတွေ ဘာမှမသိတော့ဘဲ အချိန်ကုန်မှန်းမသိ ကုန်ရင်း အိပ်ရေးပျက်ကုန်တော့တာပေါ့။

လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါ အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ ဖိအားတွေ၊ မိသားစုတွင်း ပြဿနာတွေ၊ အချစ်ရေးအဆင်မပြေတာ၊ ရောဂါတွေ ဖြစ်လာတာ၊ စိုးရိမ်ပူပန်သောက ရောက်စရာတွေ များလာတာကြောင့် အိပ်ရေးပျက်တာ များရင်း ညဘက်ကောင်းစွာ အိပ်မပျော်တဲ့ ရောဂါတွေ ဖြစ်လာတတ်ပါတယ်။
အိပ်ချိန်ပြည့်ဝရင် ကိုယ်ခန္ဓာအတွက် ဘာကောင်းကျိုးတွေရမလဲ။

၁။ အိပ်ချိန်မပြည့်တဲ့သူတွေထက် ပိုကျန်းမာပြီး သက်တမ်းစေ့နေနိုင်တယ်။

၂။ အစာစားချင်စိတ်ကို ဖြစ်စေတယ်။ စားလိုက်တဲ့အစာကိုလည်း ကောင်းစွာချေဖျက်ပေးနိုင်ပြီး အာဟာရဓာတ်တွေ ပိုမိုစုပ်ယူနိုင်စေတယ်။

၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ရောဂါတွေ အလွယ်တကူ ဝင်မလာအောင် တိုက်ထုတ်ပေးနိုင်တယ်။

၄။ မှတ်ဉာဏ်ကောင်းစေပြီး မကြာခဏ သတိမေ့တာမျိိုးတွေ မဖြစ်စေပါဘူး။

၅။ တီထွင်ကြံဆဉာဏ်ကို မြှင့်တင်ပေးနိုင်တယ်။

၆။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပြီး အားအင်တွေ ပြည့်ဝနေတယ်။

၇။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပိုပြီး အားစိုက်ထုတ်နိုင်တယ်။

၈။ မောပန်းလွယ်တာ၊ အသက်ရှူမဝတာ၊ ခေါင်းမူးတာ၊ လေးလံထိုင်းမှိုင်းတာမျိုး မဖြစ်စေပါဘူး။

လူတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ တစ်နေ့တာအိပ်ချိန်ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ တစ်ရက်လောက် အိပ်ရေးပျက်လို့ ဘာမှမဖြစ်ဘူးလို့ လူတွေက ယူဆတတ်ကြပေမယ့် လူ့အကျင့်က တစ်ရက်ပျက်ပြီးသွားရင် နောက်ရက်တွေပါ ဆက်တိုက်ပျက်လာနိုင်ပါတယ်။ ကိုယ်က ရုံးဖွင့်ရက်မှာ အိပ်ချိန်လျှော့လိုက်မယ်၊ အားတဲ့ရက်မှာ ပိုပြီးအိပ်လိုက်ရင်လည်း ဒီအိပ်ချိန်တွေအတွက် ပြန်ပြီးအစားထိုးပေးသွားမှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ကြာလာရင် ကိုုယ်ခန္ဓာက ကျန်းမာရေးဆုတ်ယုတ်လာမယ်။ အားအင်ချိနဲ့လာမယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်လာမယ့်အပြင် အသက်ပါတိုစေနိုင်တယ်နော်။ ဒါ့အပြင် တစ်ခုသတိထားဖို့လိုတာက အိပ်ချိန်ပြည့်ရင်ပြီးရောဆိုပြီး နေ့နဲ့ ညနဲ့ မှားအိပ်ရင်လည်း ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းဘူးဆိုတာပါပဲ။
ဒါဆို အိပ်ချိန်မှန်အောင် ဘယ်လိုလေ့ကျင့်မလဲ။

ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ့်ကျန်းမာရေးအတွက် ရေရှည်မှာ ဘာကောင်းကျိုးမှ မဖြစ်စေနိုင်ဘူးဆိုရင် ပြင်ဆင်ဖို့ လုပ်ရမှာက ကိုယ်တိုင်ပါပဲ။ အောက်မှာပြထားတဲ့ နည်းလမ်းတွေနဲ့ အချိန်မီပြင်ဆင်လိုက်ရင်တော့ အဆင်ပြေသွားမှာပါ။

၁။ ကိုယ့်ဘယ်အချိန်မှာ အိပ်မလဲဆိုတာ သေချာမှတ်ထားပါ။ သတ်မှတ်ထားတဲ့အချိန်မှာ အိပ်ရာပေါ် ရောက်နေပါစေ။

၂။ ကော်ဖီ၊ ချောကလက်၊ ရေနွေးကြမ်းကို မအိပ်ခင် အနည်းဆုံး ၃နာရီအလို လုံးဝမသောက်ပါနဲ့။

၃။ ချဉ်လွန်းတဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေကိုလည်း ရှောင်ပါ။

၄။ အိပ်ခါနီး ရေအများကြီးမသောက်ပါနဲ့။ အာစွတ်ရုံလောက်ပဲ သောက်ပေးပါ။

၅။ အလုပ်က စိတ်ဖိစီးမှုတွေ၊ တခြားလူမှုရေး၊ မိသားစု ပြဿနာတွေကို အိပ်ရာပေါ် မသယ်လာပါနဲ့။

၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကိုယ်က အချိန်သိပ်မပေးနိုင်ဘူးဆိုရင်လည်း မနက်တိုင်း လမ်းလျှောက်ပါ။ ပြေးပါ။ ဒိုက်ထိုးပါ။ အိပ်ထမတင် လုပ်ပါ။

၇။ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ အခန်းထဲမှာ အိပ်ပါ။

၈။ စိတ်ထဲက အပူတွေကို ငြိမ်းစေပြီး ကြွက်သားတွေကို ပြေလျော့သွားစေတဲ့ တေးသံအေးအေးလေးတွေ၊ ရေကျသံ၊ ငှက်လေးတွေ တွန်ကျူးသံ၊ လေတိုက်သံမျိုးတွေကို မတိုးမကျယ် အနေအထားနဲ့ ဖွင့်ထားပေးပါ။

ကျန်းမာပျော်ရွှင်ပြီး တက်ကြွရွှင်လန်းတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့ အဓိကသော့ချက်ဖြစ်တဲ့ အိပ်ချိန်ပြည့်ဝမှုကို ဂရုစိုက်ကြပါလို့ တောင်းဆုခြွေရင်း…

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly