ရန်ကုန်ရှိ ဆေးရုံ၊ လမ်းမီး၊ မီးပွိုင့်နှင့် CNG ဆိုင်များကို ဦးစားပေးအဆင့်ဖြင့် လျှပ်စစ်မီးမပြတ်ရေး ဆောင်ရွက်မည်

ရန်ကုန်ရှိ ဆေးရုံ၊ လမ်းမီး၊ မီးပွိုင့်နှင့် CNG ဆိုင်များကို ဦးစားပေးအဆင့်ဖြင့် လျှပ်စစ်မီးမပြတ်ရေး ဆောင်ရွက်မည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၆ ။             ။ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံ၊ လမ်းမီး၊ မီးပွိုင့်များအပါအဝင် CNG ဆိုင်များကို လျှပ်စစ်မီး မပြတ်ရေးအတွက် တိုင်းအစိုးရအနေဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

ဇွန် ၅ ရက်နေ့က တိုင်းအစိုးရရုံးတွင် ပြုလုပ်ခဲ့သည့် “ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ” တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ နောက်နောင် မီးဖြတ်ရမယ်ဆိုရင်တောင် နံပါတ် (၁) ဆေးရုံ၊ နံပါတ်(၂) လမ်းမီး၊ နံပါတ် (၃) ကတော့ မီးပွိုင့်တွေပေါ့၊ နံပါတ် (၄) ကတော့ CNG ဆိုင်တွေ ။ ဒီ ၄ မျိုးကိုတော့ သီးခြားလိုင်းတွေနဲ့ ဆွဲပြီးတော့ မီးမပြတ်ဖို့ စီစဉ်ဆောင်ရွက်ဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီးကို တင်ပြပြီးတော့ ပြည်ထောင်စုဝန်ကြီးကလည်း ဒါကို လမ်းညွှန်ပြီးသား ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း၊ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဆိုသည်။

ဆေးရုံများသည် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုဖြစ်ပြီး လမ်းမီးတိုင်များသည် တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးခြင်းကြောင့် မီးပြတ်၍ မရကြောင်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။ ထို့ကြောင့် လှိုင်သာယာမြို့နယ်တွင် လမ်းမီးတိုင်များ ထွန်းညှိရေး ဆောင်ရွက်နေပြီး မြို့သစ်လေးမြို့နယ်တွင် လမ်းမီးတိုင်များအသစ်တပ်ဆင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဟု တိုင်းအစိုးရဘက်မှ သိရသည်။

စတုတ္ထဦးစားပေးဖြစ်သော CNG ဆိုင်များ ဦးစားပေးရခြင်းကို “ ကျွန်မတို့အနေနဲ့ CNG ဆိုင်ကို ဘာလို့ ထည့်သွင်းပြောကြားရလဲဆိုတော့ ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ YBS တွေဟာ CNG ကားတွေဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ဆိုသည်။

လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နေသည့် ဆည်များထဲတွင် ရေများလျော့နည်း နေ၍ ထုတ်လုပ်မှု လျော့နည်းကာ တစ်နိုင်ငံလုံးတွင် မီးအလှည့်ကျပေးနေပြီး မကြာသေးမီက ရန်ကုန်မြို့တွင်လည်း အလှည့်ကျ မီးပေးစနစ်ဖြင့် မီးပေးခဲ့ရသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်အများဆုံးနှင့် လူဦးရေအထူထပ်ဆုံးဖြစ်သော စီးပွားရေးမြို့တော် ရန်ကုန် တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၆၀၀ ခန့်အထိ သုံးစွဲမှုရှိနေပြီး ယခုလပိုင်းတွင် မဂ္ဂါဝပ် ၁၄၀၀ ခန့်သာ ထုတ်လုပ်ပေးနိုင်သေးကြောင်းလည်း လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှုနှုန်းမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအောက်သာ ရှိနေသေးသောကြောင့် အခြေအနေပေါ်မူတည်ကာ မီးပေးနေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် မေ ၁၀ ရက်နေ့တွင် မကွေးလူထုတွေ့ဆုံပွဲ၌ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly