အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ခဏလေးပါပဲ ဆိုပြီး အိမ်သာသွားတက်ရာကနေ ဖုန်းပွတ်တာ ကြာလို့ကြာမှန်းမသိ ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလုပ်တာ တစ်ခါတလေဆို ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို အိမ်သာဖြောင့်ဖြောင့်မသွားဘဲ ဖုန်းအကြာကြီးထိုင်သုံးနေမယ်ဆိုရင်တော့ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်တယ်ဆိုတာ သတိထားဖို့တော့ လိုမယ်နော်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အထူးသဖြင့် လူငယ်တော်တော်များများက ဖုန်းသုံးတဲ့အခါ ကျန်တဲ့ကိစ္စတွေကို မေ့သွားတတ်ကြပါတယ်။ အဲ့တော့ အထဲမှာထိုင်ပြီး ဖုန်းလေးပွတ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်လိုက်၊ ဗွီဒီယိုဘက်ရောက်သွားလိုက်နဲ့ ကိုယ့်ကိစ္စပြီးသွားတာတောင် အပြင်ထွက်လာဖို့ မေ့နေကြတာပေါ့။ ဒီလိုမျိုး အိမ်သာဘိုထိုင်ခွက်ပေါ်မှာ အချိန်အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့ စအိုမှာဖိအားသက်ရောက်မှုပိုများပြီး လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။

တစ်ဘက်ကနေ ကြည့်ရင်လည်း အိမ်သာဆိုတာ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ရာနေရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဆိုတာ လေထုထဲမှာ အပြည့်ပါပဲ။ ကိုယ်က အိမ်သာထဲမှာ ကြာကြာနေလေ အဲ့ဒီဘက်တီးရီးယားတွေက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ ပြင်ပ ခန္ဓာကိုယ်ပေါ်မှာပါ အများကြီးကပ်လာမှာပေါ့။ အဆိုးဆုံးကတော့ ဖုန်းမှာပါ ကပ်နေမှာဖြစ်တဲ့အတွက် ကိုယ့်ကိစ္စပြီးလို့ လက်သေချာပြန်ဆေးပြီးရင်တောင် ဖုန်းစကရင်ပေါ်က ပိုးတွေက လက်ပေါ် ပြန်ရောက်သွားမှာပါ။ အဲ့လက်နဲ့ မျက်နှာပွတ်၊ နှာခေါင်းကုတ်၊ အစာစား၊ တခြားအရာဝတ္ထုတွေ ကိုင်တွယ်လိုက်တဲ့အခါ ရောဂါပိုးတွေက ကိုယ့်ဗိုက်ထဲကို ပြန်ရောက်သွားဖို့ပဲ ရှိပါတော့တယ်။
ဒီလိုမဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ။

အကောင်းဆုံးနည်းလမ်းကို ပြောပါဆိုရင်တော့ ကိုယ့်အိမ်သာထဲက ကိစ္စကို ဖြောင့်ဖြောင့်သွားနိုင်အောင် ဖုန်းတွေ ယူမသွားဖို့ပါပဲ။ ခဏလေးပါ၊ ခဏလေးပါလို့ ပြောပြီး အချိန်တွေဖြုန်းပြီး အိမ်သာတက်နေခြင်းဟာ လိပ်ခေါင်းရောဂါကိုသာမက ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။

စမတ်ဖုန်းတွေအပြင် နောက်ထပ်မလုပ်သင့်တဲ့ အရာကိုပြောပါဆိုရင် အိမ်သာထဲ စာအုပ်ယူသွားဖတ်တာ၊ သတင်းစာ၊ ကာတွန်းစာအုပ်တွေ ထားထားတာမျိုး မလုပ်သင့်ပါဘူး။ ဝမ်းသွားနေချိန်မှာ ဒီကိစ္စကိုပဲ အာရုံစိုက်ထားဖို့ လိုပါတယ်။

အိမ်သာထဲက ကိုယ့်ကိစ္စပြီးပြီဆိုတာနဲ့ သန့်ရှင်းရေးလုပ်ပြီး အမြန်ထွက်ပါ။ လိုတာထက် ပိုပြီး အိမ်သာထဲမှာ မနေပါနဲ့။ အထူးသဖြင့် အိမ်သာဘိုထိုင်ခွက်ပေါ်မှာ ၅ မိနစ်ထက်ပိုပြီး မထိုင်ပါနဲ့။

မိနစ်အနည်းငယ် ကြာလို့မှ ဝမ်းမသွားသေးဘူးဆိုရင် အားနဲ့ မညှစ်ပါနဲ့။ ခဏထပြီး လုပ်စရာရှိတာ လုပ်ပါ။ ခဏနေလို့ ဝမ်းသွားချင်စိတ် ပြန်ဖြစ်လာပြီဆိုမှ ပြန်ထိုင်ပါ။ မထွက်မချင်း ညှစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။

အိမ်သာတက်ချင်စိတ်မရှိဘဲ အချိန်ဖြုန်းချင်စိတ်နဲ့ အိမ်သာထဲ သွားမထိုင်ပါနဲ့။ အိမ်သာထဲက ထွက်လာတိုင်း လက်ကို် ဆပ်ပြာနဲ့ အနည်းဆုံး ၃မိနစ်လောက် သေချာတိုက်ချွတ်ဆေးကြောပေးပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ ဝမ်းသွားပြီးရေဆွဲချတော့မယ်ဆိုရင် အိမ်သာအဖုံးကို လုံအောင်ပိတ်ပြီးမှ ဆွဲချပါ။ ရေအားနဲ့ အညစ်အကြေးတွေကို အောက်ကိုဆွဲလိုက်တဲ့အချိန်မှာ အနံ့အသက်တွေရော၊ ပိုးတွေကပါ အပေါ်ကို ပြန်တက်လာပြီး ကိုယ့်အရေပြားပေါ် ကပ်ငြိနေနိုင်တာကြောင့် ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဖုန်းကိုလည်း နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly