သိမ်းဆည်းခံခဲ့ရသည့် ဆန်အိတ် ၇၀ ကျော် အတွက် AAနှင့် တပ်မတော်တို့ ပြောဆိုချက်ကွဲလွဲ

သိမ်းဆည်းခံခဲ့ရသည့် ဆန်အိတ် ၇၀ ကျော် အတွက် AAနှင့် တပ်မတော်တို့ ပြောဆိုချက်ကွဲလွဲ

ရန်ကုန်၊ ဇွန် ၅ ။          ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ကြောင်းတွင် စက်လှေနှစ်စီးကို ရက္ခိုင့်တပ်(AA) မှ တပ်မတော်ရိက္ခာဟုဆိုကာ သိမ်းဆည်းခဲ့သည့် ဆန်အိတ် ၇၀ ကျော်ကိစ္စအား မဇ္စျိမမှမေးမြန်းရာ နှစ်ဖက် ပြောဆိုချက်များ ကွဲလွဲနေသည်။

တပ်မတော်ဘက်ကမူ အဆိုပါဆန်အိတ်များသည် မိမိတို့ရိက္ခာမဟုတ်သည်မှာ ကျိန်းသေကြောင်းနှင့် ရက္ခိုင့်တပ်(AA) ဘက်ကမူ တပ်ရိက္ခာများဟုဆိုကာ အတိအကျပြောဆိုနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ နှောင်းပိုင်းတွင် AA မှ တပ်မတော်စစ်ကြောင်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် အခက်အခဲ ရှိသည့်အတွက် တပ်မတော်ဘက်မှ အရပ်သားများအသုံးပြုကာ ရိက္ခာပို့ဆောင်နေခြင်းဟု AA ဘက်မှဆိုသည်။

“ အဲ့ဒီ့နောက်ပိုင်းမှာ အထက်ပိုင်းမှာရှိတဲ့သူတို့တပ်တွေကိုပို့ဖို့ ရိက္ခာတွေမှာ တော်တော်လည်း အခက်အခဲ ရှိတယ်။ အဲဒါကြောင့် အရပ်သားစက် လှေတွေနဲ့ သူတို့ပို့နေတာရှိတယ်” ဟု AA အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကပြောသည်။

ကုလားတန်မြစ်ကြောင်းတွင် တပ်မတော်ဘက်မှ ကုန်ပစ္စည်းတင်ပို့မှုကိုထိန်းချုပ်ထားပြီး အရပ်သားများ အနေဖြင့် စားရန် ဆန်အိတ် ၅ အိပ်ထပ်ပို၍ သယ်မရဟုလည်း ၎င်းကပြောသည်။

“ တပ်ကရိက္ခာပို့ရင် လုံခြုံတဲ့လမ်းကြောင်းကပဲ ပို့လေ့ပို့ထရှိတယ်။ နောက်ပြီး အကုန်လုံးလဲ တွေ့ပြီးဖြစ်ပါ လိမ့်မယ်။ စက်လှေပေါ်မှာပါတဲ့သူတွေကလည်း ဝန်ထမ်းတွေပဲ။ ပလက်ဝက ဒေသခံတွေရဲ့ဆန်အိတ်တွေ ဖြစ်ဖို့များတယ်။ ဘယ်သူ့ဆန်အိတ်ဆိုတာတော့ မပြောနိုင်ဘူး။ တပ်ကမဟုတ်တာ တော့ သေချာတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။

ထို့အပြင် ဝန်ထမ်းများစားသုံးရန် သယ်ဆောင်လာသည့်ဆန်အိတ်များဖြစ်နိုင်ပြီး ဆန်အိတ် ၇၇ အိတ် ဆိုသည်မှာများပြားသည့် ပမာဏမဟုတ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများမှ အနည်းငယ် စစ်ဆေးမှု ပြုလုပ်ပြီးသည်နှင့် သယ်ဆောင်ခွင့်ရရှိနိုင်ကြောင်း ၎င်းကဆိုသည်။

AA ဘက်ကမူ သက်သေအထောက်အထားများလည်းရရှိထားပြီး ၎င်းတို့၏ မြေပြင်တပ်များအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ကို တားဆီးစစ်ဆေးကာ လုပ်ဆောင်ခြင်းဟုလည်း ဆိုသည်။

အလားတူ အရပ်သားပစ္စည်းများဆိုပါက သိမ်းဆည်းခြင်းမျိုးမပြုလုပ်ဘဲ လိုအပ်သည့်အခါတွင်လည်း အခကြေးငွေပေးကာ ဝယ်ခြင်းမျိုးသာ လုပ်ဆောင်သည်ဟုလည်း AA ဘက်မှဆိုသည်။

အဆိုပါဖြစ်ရပ်ကြောင့် ကုလားတန်မြစ်ကြောင်းအတွင်း ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာကို ဇွန်လ ၄ ရက်နေ့က ဖြတ်သန်းသွာလာခွင့်ပိတ်ထားခဲ့ပြီး ဇွန် ၅ ရက်နံနက်ပိုင်းမှပြန်လည် သွားလာခွင့်ပြုခဲ့ကြောင်းလည်း ချင်းပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

ဆန်အိတ်များသိမ်းဆည်းကာ လူများခေတ္တစစ်ဆေးခံခဲ့ရသည့် စက်လှေများတွင် ပညာရေးဝန်ထမ်း ဆရာမအများစုပါဝင်ခဲ့ပြီး ဒေသခံအချို့လည်း ပါဝင်ကြောင်းသိရသည်။

တပ်မတော်နှင့် AA တို့၏ ပဋိပက္ခများကြောင့် လူပေါင်း ၄သောင်းခန့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဖြစ်နေရပြီး မကြာခဏဆိုသလို အရပ်သား ထိခိုက်သေဆုံးမှုများလည်းရှိနေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly