ဧရာဝတီတိုင်းအစိုးရသို့ ပေးသွင်းရန် ကျန်ငွေ ကျပ် ၄ ဘီလီယံကျော်လုံး ပြန်လည်ရရှိ

ဧရာဝတီတိုင်းအစိုးရသို့ ပေးသွင်းရန် ကျန်ငွေ ကျပ် ၄ ဘီလီယံကျော်လုံး ပြန်လည်ရရှိ
ဓာတ်ပုံ-စည်သူမောင်မောင်

ဇွန် ၃၊ ပုသိမ် ။                         ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရသို့ ကျပ်ငွေ ၁.၀၂ ဘီလီယံကို ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ မေ ၃၁ ရက်နေ့တွင် ပေးသွင်းပြီးဖြစ်ပြီး ယင်းငွေဖြင့် ဒေသတွင်းတံတားကိစ္စတွင် အဓိက အသုံးပြုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

“ ဖောင်ဒေးရှင်းက အကုန်ရပါပြီ။ ၄.၄၇ ဘီလီယံလောက် ရှိတယ်။ အကုန်ရပါပြီ။ ကျန်တာတွေက ပြည်ထောင်စုစာရင်းစစ်က စစ်တဲ့အတိုင်းပဲ ပြန်ရသင့်တာ ရတယ်။ အခုဟာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ငွေပါပဲ”ဟု ဧ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဇွန် ၃ ရက်တွင် ပြောသည်။

ရေကြောင်းသွားလာမှုများသော ဧရာဝတီတိုင်းအနေဖြင့် တံတားလုပ်ငန်းများတွင် ကျပ်ငွေ ၃ ဘီလီယံခန့် အသုံးပြုသွားမည်ဟု သိရသည်။

“ကျေးလက်ဒေသတွေမှာ တံတားပေါ့၊သွားရေးလာရေး အခက်အခဲ ဖြစ်မဲ့ တံတားတွေ ၃၀ ကျော်လောက် ရှိပါတယ်။ စည်ပင်သာယာနဲ ့ပတ်သက်ပြီး တိုင်းမှာ ဘတ်ဟိုးတွေ ဝယ်ဖို့ ကျန်ပါသေးတယ်။ တံတားကို ၃ ဘီလီယံလောက် သုံးမယ်။ ကျန်တဲ့ ၁.၅ ဘီလီယံလောက်ကို တစ်ဝက်သို ့မဟုတ် တစ်ဝက်နီးပါးကို ဘတ်ဟိုးတွေ ဝယ်မယ်ပေါ့။ ကျန်တာကို ရေပြတ်လတ်မှုတွေအတွက် သောက်ရေဒုက္ခမဖြစ်အောင် လုပ်ဆောင်သွားမယ်” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

ပထမအကြိမ်တိုင်းဒေသကြီးအစိုးရမှ ဖွဲ ့စည်းထူထောင်ထားသည့် ဧရာဝတီဘက်စုံဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်းဒေရှင်းသို့ အလှူငွေ ၅.၂ဘီလီယံအား ၂၀၁၆ ခုနှစ်တွင် ပေးအပ်လှူဒါန်းလိုက်ခြင်းအပေါ် ယခုအစိုးရလက်ထက်တွင် ပြန်လည်တောင်းခံထားခြင်း ဖြစ်သည်။

ထို့ကြောင့် ပထမအကြိမ်အဖြစ်  ၄ ဘီလီယံကို ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ပေးသွင်းခဲ့ပြီး နောက်ထပ် ကျန်ရှိငွေ ၁.၀၂ ဘီလီယံကို မေ ၃၁ ရက်နေ့တွင် ပေးသွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တိုင်းအစိုးရအနေဖြင့် ပြန်လည်ရရှိသည့်ရန်ပုံငွေများကို ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မှုများတွင် အသုံးပြုနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးရေးဖောင်ဒေးရှင်းမှ ပေးရန်ကျန်ငွေ များအတွက် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဖျာပုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက မေးမြန်းခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly