နိုင်ငံတကာပြိုင်ပွဲကို စေလွှတ်ဖို့ လူရွေးတဲ့ မြန်မာ့ပထမဆုံး ပြည်တွင်းစက်ရုပ်ပြိုင်ပွဲ

နိုင်ငံတကာပြိုင်ပွဲကို စေလွှတ်ဖို့ လူရွေးတဲ့ မြန်မာ့ပထမဆုံး ပြည်တွင်းစက်ရုပ်ပြိုင်ပွဲ

ရန်ကုန်၊ ဇွန် ၁ ။          ။ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့်နိုင်ငံတကာအဆင့်စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ဖို့ လူရွေးတဲ့အနေနဲ့ စက်ရုပ်ပြိုင်ပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ အမျိုးသားအဆင့်ပြိုင်ပွဲဖြစ်ပြီးတော့ မြန်မာနိုင်ငံအထဲက တိုင်းနဲ့ ပြည်နယ် ၁၄ ခုကိုယ်စားပြုထားတဲ့ တက္ကသိုလ်အသီးသီးက အသင်း ၁၄ သင်းတို့ကယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

 “ မြန်မာနိုင်ငံဟာ ITကဏ္ဍမှာ အလားအလာကောင်းတွေနဲ့ပြည့်နက်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အဲ့ဒီ အလားအလာ ကောင်းတွေကနေ တစ်ဆင့်နိုင်ငံရဲ့ ဘက်စုံစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေရဲ့ပါဝင်ကူညီပေးမှုတွေ တိကျပြတ်သားတဲ့ လုပ်ငန်းဆိုင်ရာစည်းမျဉ်းတွေနဲ့အတူ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ ကြောင့် မြန်မာနိုင်ငံဟာ တစ်ချိန်မှာ အောင်မြင်မှုတွေအများကြီးရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောပါတယ်။

Myanmar RoboLeague 2019 လို့နာမည်ပေးထားတဲ့ပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာနနဲ့ ဖန်တီးရာတို့က ပူးပေါင်းပြုလုပ်တာဖြစ်ပြီး အမေရိကန်သံရုံးကနေ ကူညီပေးထားပါတယ်။

ပြိုင်ပွဲကို တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ နည်းပညာနဲ့ ကွန်ပျူတာတက္ကသိုလ်များက အသက် ၁၉ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြိုင်ပွဲဝင် အသင်းတစ်သင်းမှာ အဖွဲ့ဝင် ၅ ယောက်ပါဝင်ရတာဖြစ်ပြီး နည်းပြတစ်ယောက်လည်းပါဝင် ပါတယ်။

 “ Robot မှာထည့်လို့ရတဲ့ပစ္စည်းတွေက အလွယ်တကူဝယ်လို့မရပါဘူး။ ဒီမှာကျ အကန့်အသတ်ရှိတယ်ဗျ။ သူတို့ပေးတဲ့ ပစ္စည်းနဲ့ညှိပြီးတော့ ဝယ်ရတယ်ဗျ။ ပြီးတော့အပြင်ပစ္စည်းတွေလည်း သုံးခွင့်မရှိဘူး။ ရန်ကုန်မှာ ဆိုရင် ပစ္စည်းတွေကရှာရလွယ်တယ်။ ကျွန်တော်တို့နယ်ဘက် တွေကဆိုရင်ပစ္စည်းတွေက ရှာရမလွယ်ဘူး။ စက်ရုပ် တစ်ခုလုံးရဲ့ကုန်ကျစရိတ်ကလည်း ၆ သိန်း ၇ သိန်းလောက်ရှိတယ်” လို့ ရခိုင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်သော ကွန်ပျူတာတက္ကသိုလ် စစ်တွေမှ ကိုအောင်စည်သူ ကပြောပါတယ်။

 

ပထမရရှိသည့်အဖွဲ့ဟာ ၂၀၁၉ အောက်တိုဘာလမှာ အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) ဒူဘိုင်းမြို့တွင် ကျင်းပမယ့် FIRST Global Robotics Challenge  ကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမှာပါ။ အဲ့ဒီစက်ရုပ်ပြိုင်ပွဲကို မြန်မာအနေနဲ့ ၂၀၁ရခုနှစ်ကတစ်ကြိမ်၊ ၂၀၁၈ ခုနှစ်ကတစ်ကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး အခုတစ်ကြိမ်ဆိုရင် ၃ ကြိမ်မြောက်သွားရောက်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာစက်ရုပ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နိုင်ငံ ၁၅၇ ထဲမှာ အဆင့် ၆ ကိုရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required