PPCM ဖွဲ့စည်းရေးအဆိုပြုမှုအပေါ် အလုပ်အဖွဲ့ဝင်များဆွေးနွေးမည်

PPCM ဖွဲ့စည်းရေးအဆိုပြုမှုအပေါ် အလုပ်အဖွဲ့ဝင်များဆွေးနွေးမည်
ဓာတ်ပုံ - NCA-S EAO

ရန်ကုန်၊ မေ ၃၁ ။            ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး ( PPCM ) ဖွဲ့စည်းရေးကိစ္စရပ်အပေါ် အလုပ်အဖွဲ့မှ သုံးသပ်မည့်ဆွေးနွေးပွဲတစ်ခု ကို ဇွန်လဆန်းပိုင်းတွင် ပြုလုပ်သွားရန်ရှိကြောင်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

နိုင်ငံရေးကိစ္စများတွင် တစ်ဆို့နေခြင်းများအား မည်သို့ဆက်ဆွေးနွေးမည်ကို လာမည့်ဇွန်လ ၅ရက်မှ ၇ ရက်အထိ ဆွေးနွေးရန်ရှိနေပြီး ဇွန်လဘ ၈ ရက်နေ့လောက်တွင် PPCM  ဖွဲ့စည်းရေး ကိစ္စရပ် အပေါ် အလုပ်အဖွဲ့မှ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ကတော့ အလုပ်ဖြစ်မယ့်ဟာမတွေ့ဘူး။ ရှိနေတဲ့ဖြစ်စဉ်တွေပါနှောင့်နှေးနိုင်တယ်ပေါ့ဗျာ။ အဲ့လိုသုံးသပ်ထားတာပေါ့။ ဒါပေမယ့် ကြေကြေလည်လည်ဖြစ်ဖို့အတွက် အလုပ်အဖွဲ့နဲ့ လေ့လာတာလည်း ကောင်းပါတယ်ဆိုပြီး သဘောတူလိုက်တာ။ အကြမ်းဖျင်းကြည့်ရင် ကျွန်တော်တို့အဖွဲ့အနေနဲ့ PPST ကအကောင်းဆုံးဖြစ်တယ်လို့ တင်ပြထားပြီးပြီ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ထိုးထားသော (၁၀) ဖွဲ့လုံးမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သော အဆိုပါ အလုပ်အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသွားရန် လျာထားကြောင်း လည်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး ( PPCM ) ဖွဲ့စည်းရေးအပေါ် ခွဲခြမ်းစိတ်ဖြာ၍ ဆွေးနွေး ကြမည်ဖြစ်ပြီး တွေ့ရှိချက်များကို PPST သို့ တင်ပြသွားမည့်အပြင် မိမိတို့တစ်ဖွဲ့ချင်းဆီတွင်လည်း ပြန်လည် တင်ပြဆွေးနွေးသွားမည်ဟုလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)  မှသိရသည်။

နောက်တစ်ကြိမ်ထပ်မံကျင်းပမည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့(PPST) ၏ထိပ်သီး အစည်း အဝေးတွင် PPCM ဖွဲ့စည်းရေးကိစ္စရပ်ကို အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ပြီး ကြားကာလတွင် ဆွေးနွေး သွားကြမည်လည်းဖြစ်သည်။

“ ကျွန်တော်တို့အဆင့်တွေအများကြီးစောင့်ရဦးမယ် ၃လ နဲ့ ၆လအတွင်းဖြစ်နိုင်တယ်။ မြန်ရင်တော့ ၃လ ကြာရင်တော့ ၆ လပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း ထူးထူးခြားခြားတိုးတက်မှုများမရှိခဲ့ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ၏ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ RCSS မှ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကရင် အမျိုးသား အစည်းအရုံး(KNU)မှ PPCM ကိုဖွဲ့စည်းရန်တင်ပြခဲ့ပြီးနောက် အဖွဲ့ဝင်များအကြား အမြင်မတူညီမှုများဖြစ်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊  ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊  မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ သည် NCA ကိုလက်မှတ် ထိုးထားကြခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly