လှိုင်သာယာတွင် လုယက်မှု ကျူးလွန်ခဲ့သူများကို ဖမ်းမိ

လှိုင်သာယာတွင် လုယက်မှု ကျူးလွန်ခဲ့သူများကို ဖမ်းမိ
ဓာတ်ပုံ - Yangon Police

မေလ ၂၉ ။         ။ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ ဒေါ်ဖွားရှင်လမ်းပေါ်တွင် အငှားယာဉ်ပေါ်၌ ခရီးသည်ကို ဓားဖြင့်ထိုးပြီး ရွှေ၊ငွေများ လုယက်ခဲ့သူများကို ဖမ်းမိခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။

ဖြစ်စဉ်မှ မေလ ၂၈ ရက်နေ့ နံနက် ၄နာရီကျော်ခန့်တွင် ရွှေပြည်သာမြို့နယ်မှ ဒေါ်--သည် ရွှေပြည်သာမြို့နယ်၊ (၁၄)လမ်းဆုံမှ Light Truck အငှားယာဉ်ဖြင့် မိသားစုဝင်(၃)ဦးနှင့်အတူ လိုက်ပါစီးနင်းခဲ့ရာ ရွှေပြည်သာ တံတားအဆင်း၊ အလယ်ရွာထိပ်အရောက်တွင် ၎င်းအငှားယာဉ်မှာ ယာဘက်လမ်းထဲသို့ ချိုးသွားသောကြောင့် တရားလို၏ ခင်ပွန်းဖြစ်သူ ဦးမြင့်စိုး မှ လမ်းမှားနေကြောင်းပြောဆိုရာ ကားနောက် ခန်းမှ ပါလာသောလူ(၃)ဦးမှ ဦးမြင့်စိုးအား ဓါးဖြင့်ထိုးကာ ဖိနပ်နှင့်ရိုက်သောကြောင့် ဝဲယာလက်ဖျံ ပြတ်ရှဒဏ်ရာ(၁)ချက်စီ၊ ဝဲယာနံကြား ထိုးသွင်းဒဏ်ရာ (၁)ချက်စီရရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တရားလိုဝတ်ဆင်ထားသော ရွှေနားကတ်(၃)ရံ၊ ရွှေဆွဲကြိုး(၂)ကုံး၊ ရွှေဟန်းချိန်း(၁)ခု၊ ရွှေလက်ကောက်(၁)ကွင်း၊ ကျောက်နီ လက်စွပ်(၁)ကွင်း၊ အုတ်ပုံလက်စွပ် (၁)ကွင်းနှင့် ဖုန်း(၃)လုံးတို့အား လုယူပြီး ရွှေလင်ပန်းစက်မှုဇုန်၊ ကစင်ကျေးရွာ၊ ဒေါ်ဖွားရှင်လမ်း၊ သွပ်ပြားစက်ရုံရှေ့တွင် ၎င်းတို့အား ချထားခဲ့ကာ ကားမောင်းထွက်ပြေး သွားကြောင်း သိရသည်။

ယင်းကဲ့သို့ ဓားဖြင့်ထိုးကာ ရွှေ၊ငွေ နှင့်ဖုန်း တို့ကို လုယူထွက်ပြေးသွားသည့် အမှုမှ တရားခံများ ကို လှိုင်သာယာမြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ကျော်ထက်လင်း (ခ) ကိုထက်၊ ခန့်စည်သူ(ခ)ဗိုက်ပေါက်၊ အောင်တင်မြင့်ထွေး(ခ) မြတ်သူစိုး(ခ) အောင်လေး နှင့် အေးရှင်းအောင် (ခ)အဝယ်တော် တို့(၄)ဦးကို လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 8C-4344 (Light Truck) ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ် တွင် ပြစ်မှုကျူးလွန်ခဲ့ကြသည့် အမျိုးသား ၄ ဦး ကို လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ)၃၂၂၈/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly