မစိမ့်ထက်ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးပြီးမှသာ ဥပဒေကြောင်းရ ဆက်လုပ်မည်

မစိမ့်ထက်ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးပြီးမှသာ ဥပဒေကြောင်းရ ဆက်လုပ်မည်

ရန်ကုန်၊ မေ ၂၈ ။            ။ သေဆုံးရသည့်အကြောင်းရင်းကို သိရှိရန် ပြန်လည်သယ်ဆောင်လာသည့် မစိမ့်ထက် ရုပ်အလောင်းကို  မေ ၂၉ ရက်တွင် မြစ်ကြီးနားမှုခင်း ဆရာဝန်ကြီးက ရင်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖခင် ဦးမောင်မောင်လေးက ပြောသည်။

“ ဒီနေ့ ရင်ခွဲစစ်ဆေးတာ မဟုတ်ပါဘူး။ မနက်ဖြန်မှ လုပ်မယ်လို့ပြောတယ်။ မြစ်ကြီးနားက မှုခင်းဆရာဝန်ကြီး က မနက်ဖြန်လောက်လုပ်မယ်လို့ ကြားတယ်။ မနက်ပိုင်းလုပ်မလား၊ နေ့ခင်းပိုင်း လုပ်မလား ဆိုတာ မပြောတတ်ဘူး။ မနက်ဖြန်ကို စစ်ဆေးပေးမယ် " ဟု ပြောသည်။

လက်ရှိတွင် ရုပ်အလောင်းကို ပူတာအိုရင်ခွဲရုံတွင် ထားရှိပြီး ဆေးစစ်ချက်အဖြေထွက်ရှိလာမှသာ ဥပဒေ အကြောင်းရာကို ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း သေသူ၏ မိသားစုဝင်များဘက်မှ သိရသည်။

“ ကျွန်တော်တို့အဓိက လုပ်ရမှက သူတို့ ဒီခေါင်းဆောင် ပေါ့လျော့မှုကြောင့် ကျွန်တော့သမီးက မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတယ်။ ဒါနဲ့ပဲ ဥပဒေအကြောင်းအရာနဲ့ပဲ သွားမယ်။ ဒါပဲ အဓိကပါ။ သူတို့ပြောသလို့ပေါ့ ရင်ခွဲစစ်ဆေးပြီးရင် သုံးပိုင်း ဖြစ်၊ မဖြစ်ပေါ့။ သူတို့ပြောတာတော့ လူက သုံးပိုင်း၊ ပိုင်းသွားတယ်လို့ ပြောတာကိုး။ ဒီအချိန်ကတော့ သူတို့ ဘာမှအတည်မပြုတဲ့အချိန်ဆိုတော့ ကျွန်တော်တို့ကလည်း စကားကို အကုန် ပြောထားလို့ မရသေးဘူး။ အဲဒီ အတည်ပြုတဲ့အပေါ်မှ မှုတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှပါ။ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကို ဥပဒေကြောင်းရ ဆက်လက်ဆောင်ရွက်သွားမှပါ။ မနက်ဖြန် မစိမ့်ထက်ကို ရင်ခွဲစစ်ဆေးပြီးတဲ့အပေါ်မှ မှုတည်ပြီး  အဖွဲ့ခေါင်းဆောင်နှစ်ယောက်အပေါ် တရားဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားပါမယ်။ အဲဒါကို စောင့်နေတာပါ။ ကျွန်တော် သိသလောက်ဆို တာဝန်ရှိတဲ့ လူနှစ်ယောက်က ခေါင်းဆောင် နှစ်ယောက်ပါပဲ " ဟု  ဦးမောင်မောင်လေးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က ဖန်ဂရန်ရာဇီရေခဲတောင်ကို တက်ရောက်ရင်း ခြေချော်ပြုတ်ကျခဲ့ပြီး ပျောက်ဆုံးနေခဲ့ ခြင်း ဖြစ်ကာ မေ ၂၅ ရက်နေ့က ရေခဲလွတ်ရာနေရာတစ်နေရာတွင် ရုပ်အလောင်းကို မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တွေ့ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပူတာအိုသို့ ပြန်လည်သယ်ဆောင်လာခြင်းဖြစ်ပြီး မေ ၂၇ ရက် ညနေက ပူတာအိုသို့ အရောက် သယ်ဆောင်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

" အမှန်က တောင်တက်ကျန်းမာရေးအလုပ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ လူငယ်တွေအတွက် ကျွန်တော့ အမြင် ပြောရမယ်ဆို လုံခြုံမှုစနစ်တကျရှိဖို့က အထူးအရေးကြီးတယ်ဆိုတာ ပြောရမယ်။ မစိမ့်ထက် က သင်ခန်းစာ ပေးသွားတယ်လို့ မြင်မိပါတယ်” ဟု ဖခင်ဖြစ်သူက ဆိုသည်။

ထိုသို့ တောင်ပေါ်တက်ရာတွင် ပစ္စည်းကိရိယာအစုံအလင်နှင့် တောင်တက်ကြိုးအသုံးပြု တက်ရောက်သင့် ကြောင်း ၊ ဌာနဆိုင်ရာများကို ပြောသွားပါက ယခုလို လူမသိ၊သူမသိ ဒုက္ခမရောက်နိုင်ကြောင်း၊ စစ်ဆေးပြီး ခွင့်ပြုမည်ဆိုပါက မစိမ့်ထက် ဒီလိုမျိုး ဖြစ်မည်မဟုတ်ကြောင်း ဖခင်ဖြစ်သူက ပြောသွားခဲ့သည်။

အထမ်းသမား ၃ ယောက် နှင့် အဖွဲ့ဝင် ၅ ယောက်ပါဝင်သည့် အဆိုပါရှာဖွေရေးအဖွဲ့ကို သေဆုံးသူ၏ မိသားစု ဘက်မှ ကတိအတိုင်း ငွေကျပ် သိန်း ၅၀ ကိုချီးမြင့်သွားမည်ပာုလည်း သိရသည်။

မေ ၄ ရက်နေ့တွင် ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်၏ ပထမအကြိမ် ရှာဖွေရေး လုပ်ဆောင်ခဲ့စဉ်က ပျောက်ဆုံးနေသူ မစိမ့်ထက် ၏ ဂျာကင်နှင့်မျက်မှန်ကို ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly