ဆရာတော် ဦးဝီရသူကို ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်း မရသေးဟု ဒုရဲချုပ်ဆို

ဆရာတော် ဦးဝီရသူကို ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်း မရသေးဟု ဒုရဲချုပ်ဆို
Photo: Nyein Chan Naing/EPA

ရန်ကုန် ၊ မေ ၂၇ ။            ။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူအား ဖမ်းဆီးရန် ဝရမ်းမရရှိသေး ကြောင်း မေ ၂၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန တို့၏ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယရဲချုပ်(၁) ဖြစ်သူ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောဆိုသွားသည်။

 “ဦးဝီရသူနဲ့ ပတ်သက်ပြီး ယနေ့အထိ ဖမ်းဝရမ်းမရသေးပါဘူး” ဟု ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲ၌ ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုခဲ့မှုများနှင့်ပတ်သက်ပြီး အစိုးရမှ အရေးယူရန် ပြင်ဆင်နေခြင်း လည်း ဖြစ်သည်။

ယင်းပွဲတွင် “မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ လျှောက်သွားဖို့လောက်တတ်၊ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့ရင် …….ယမ်းချင်သေးတယ်။ ဒီလောက်သရမ်းနေတဲ့ဟာကြီးကို သမ္မတ တင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်” ဟု ဦးဝီရသူက မိန့်ဆိုခဲ့ခြင်းဖြစ်သည်။

မဘသဆရာတော် ဦးဝီရသူအနေဖြင့် မြိတ်မြို့တွင် ကျင်းပသည့် ပွဲသာမက မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ” တွင် လွှတ်တော်ထဲရှိ တပ်မတော်သားများအား ဘုရားကဲ့သို့ ကိုးကွယ်သင့်ကြောင်း မိန့်ဆိုခဲ့သည်။

ဦးဝီရသူ၏ ယင်းသို့ပြောဆိုချက်များသည် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံသွားခဲ့ပြီးနောက် ပြည်သူလူထုများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးသည့် ဦးဝီရသူသည် အမျိုးသားရေးလှုပ်ရှားသူအဖြစ် ခံယူထားပြီး မွတ်စလင် ဆန့်ကျင်ရေး ဆရာတော်တစ်ပါးအဖြစ် ထင်ရှားသည်။ ၄င်း၏ နောက်တွင် အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ့်ကို ပြောဆိုခံယူထားသူများက အခိုင်အမာ ရပ်တည်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly