ဆိတ်နို့သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဆိတ်နို့သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


နို့လို့ပြောလိုက်တယ်ဆိုရင် လူတော်တေ်ာများများပြေးမြင်ကြတာက နွားနို့ကိုပါ။ ဒါပေမယ့် သောက်လို့ရတာက နွားနို့တစ်ခုတည်းမဟုတ်ပါဘူး။ ဆိတ်နို့၊ကျွဲနို့နဲ့ မြင်းနို့တို့ကလည်း သောက်လို့ရပါတယ်။ ဆိတ်နို့ဆိုရင် နွားနို့ထက် ပိုမွှေးသလို ပိုလည်းဆိမ့်ပါတယ်။ ဒီတစ်ခေါက်တော့ သောက်ရတာဆိမ့်ပြီး အရသာရှိလှတဲ့ ဆိတ်နို့အကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေ။
ဆိတ်နို့အကြောင်း တစ်စေ့တစောင်း

ဆိတ်နို့က အရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းတော်တေ်ာလေးများပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေစုံလင်စွာပါဝင်နေတဲ့အတွက် သောက်သုံးဖို့ သင့်တော်တဲ့နို့တစ်မျိုးပါ။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြားဓာတ်၊ ဆိုဒီယမ်တို့ပါဝင်နေသလို ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ဇင့်တို့လိုမျိုး သတ္တုဓာတ်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်တွေအနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် B နဲ့ ဗီတာမင် C တို့ပါဝင်နေပါတယ်။
ဆိတ်နို့ကနေရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက

အရိုးတွေသန်မာစေနိုင်တယ် – ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။

နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ် – ဆိတ်နို့က နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်သလို အစာမကြေတာမျိုးဖြစ်မှာကိုလည်း မစိုးရိမ်ရပါဘူး။ အစာအိမ်ဝေဒနာရှိသူတွေအတွက်လည်း သောက်သုံးပေးလို့ရပါတယ်။

အာဟာရပြည့်ဝစေနိုင်တယ် – ဆိတ်နို့ရဲ့ အားသာချက်တစ်ခုက လူနို့တွေ၊ နွားနို့တွေထက် အာဟာရပါဝင်မှုများတာပါ။ အစာမကြေတာမျိုးမရှိဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေနိုင်တယ် – အာဟာရပြည့်ဝတဲ့ ဆိတ်နို့က ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် B နဲ့ ကယ်လ်ဆီယမ်တို့ကို ၄၀ ရာခိုင်နှုန်းအထိဖြည့်တင်းပေးပါတယ်။ သံဓာတ်ဖြည့်တင်းပေးတာကြောင့် သွေးအားနည်းရောဂါနဲ့ သံဓာတ်ချို့တဲ့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ် – ဆိတ်နို့မှာပါတဲ့ Fatty Acids ကခန္ဓာကိယ်အတွက် အကျိုးပြုပြီး သွေးတွင်းကိုလက်စထရောပမာဏတိုးတာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။ လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာ နဲ့ အခြားသောနှလုံးသွေးကြောဆိုင်ရာရောဂါတွေမခံစားရအောင် ကာကွယ်ပေးပါတယ်။ သွေးကြောတေါကို ပြေလျော့စေပြီး သွေးတိုးကျစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ် – ဆိတ်နို့မှာ နွားနို့ထက် ဆီလီနီယမ်ပါဝင်မှုပိုများပါတယ်။ ဒီဓာတ်က ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ခန္ဓာကိုယ်ကို ဖျားနာမှုတွေကင်းဝေးအောင်လုပ်ဆောင်ပေးပြီး ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။

ကြီးထွားသန်မာစေနိုင်တယ် – ပရိုတင်းကြွယ်ဝတာကြောင့် ဆိတ်နို့က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေ၊ ကြွက်သားတွေနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးဖို့အထောက်အပံ့ပေးပါတယ်။ ကျန်းမာပြီး ခန္ဓာကိုယ်ကြီးထွားသန်မာစေဖို့ စားသုံးပေးသင့်ပါတယ်။

သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်တယ် – ဆိတ်နို့က သွေးတွင်းမှာရှိနေတဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။

အစာခြေစနစ်ကျန်းမာစေနိုင်တယ် – ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ လေပွတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကင်းဝေးစေနိုင်ပါတယ်။

အရေပြားအစိုဓာတ်ထိန်းပေးတယ် – ဆိတ်နို့မှာပါတဲ့ အကျိုးပြု ကိုလက်စထရောတွေနဲ့ fatty Acid တို့က အသားအရေကို စိုပြည်လှပစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေကို စိုပြည်လှပစေမှာ အသေအချာပါ။ ဆိတ်နိုပမျာပါတဲ့ Latic အက်ဆစ်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းလက်တောက်ပစေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly