ဒူးရင်းသီးနဲ့ တွဲမစားသင့်တဲ့ အစားအသောက် (၅) မျိုး

ဒူးရင်းသီးနဲ့ တွဲမစားသင့်တဲ့ အစားအသောက် (၅) မျိုး

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဒူးရင်းသီးကို မကြိုက်တဲ့သူတွေက အနံ့တောင်မခံနိုင်ပေမယ့် ကြိုက်တဲ့သူတွေက အခွံပါစားချင်တာနော်။ အနံ့လေးမွှေးရင်ပဲ မစားဘဲမနေနိုင်၊ ဆိုင်ရှေ့ဖြတ်လျှောက်ရင်း ဝင်ဝယ်မိတာပဲ။ နှစ်သက်သူတွေက နတ်သုဒ္ဓါလို့တောင်တင်စားကြတဲ့ ဒူးရင်းသီးရဲ့အနှစ်လေးတွေက ရွှေရောင်ကိုဝင်းလို့။

ဒါပေမယ့် တစ်နေ့လုံးမှာ သူ့တစ်မျိုးတည်းစားကြတာမှမဟုတ်တာ။တခြားအစားအသောက်တွေလည်း စားကြဦးမှာဆိုတော့ မတည့်တာရှိမှာစိုးရိမ်ကြပါတယ်။ သတင်းတွေကလည်း ကြားရတာကိုး။ အစားအစာတွေမတည့်ဘူးဆိုတာ တကယ်တော့ လူ့ခန္ဓာကိုယ်ရဲ့နောက်ခံအကြောင်းရင်းတွေကြောင့်ဖြစ်ပါတယ်။ ဥပမာ ကိုယ့်မှာ သွေးတိုးရောဂါရှိနေမယ်ထား၊ ဒူးရင်းသီးစားထားမယ်၊ သွေးတိုးကို ပိုဆိုးစေနိင်တဲ့အရာတစ်ခုခုထပ်စားမယ်၊ ဒူးရင်းသီးနဲ့ပေါင်းမိရင် ပိုဆိုးစေနိုင်တဲ့အရာ စားမိမယ်၊ ဒါဆို သွေးတက်ပြီ၊ သိပ်များရင် အန္တရာယ်ရှိပြီပေါ့။ ဒါ့ကြောင့် ဒူးရင်းသီးနဲ့ တွဲပြီးမစားသင့်တဲ့အရာလေးတွေကို ပြောပြလိုက်မယ်နော်။
(၁) အယ်လ်ကိုဟော

ဒူးရင်းသီးစားပြီး အယ်ကိုဟောတွေသောက်တာ ချက်ချင်း သေတတ်တယ်လို့ပြောကြတယ်။ တကယ်သေမသေကိုအတည်ပြုတဲ့လေ့လာမှုမရှိသေးပေမယ့် ဒူးရင်းသီးမှာ ဆာလ်ဖာပါဝင်မှုများလို့ ခန္ဓာကိုယ်တွင်းအယ်လ်ကိုဟောချေဖျက်မှုကိုကူညီပေးတဲ့အင်ဇိုင်းကို ၇၀ ရာခိုင်နှုန်းလောက်အထိ အဟန့်အတားဖြစ်စေတယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့ အရက်၊ဘီယာသောက်လို့ ခန္ဓာကိုယ်မှာထိခိုက်နိုင်တဲ့နှုန်းကို ပိုများစေတာပေါ့။ ဒါ့ကြောင့် မတွဲတာ ကောင်းပါတယ်။
(၂) ကဖင်းပါတဲ့သောက်စရာ

ဟိုရက်က ဂက်စ်ပါတဲ့အချိုရည်ဘူးနဲ့ဒူးရင်းသီး တွဲစားမိလို့ ကလေးတစ်ယောက်အသက်ဆုံးရတဲ့အကြောင်း သတင်းတစ်စ တွေ့လိုက်ရပါတယ်။ ကဖင်းပါတဲ့အချိုရည်ဘူးတွေ၊ ဂက်စ်ပါတဲ့အချိုရည်ဘူးတွေကို ဒူးရင်းသီးနဲ့ ရောစားမယ်ဆိုရင် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းပါတဲ့သောက်စရာတွေနဲ့ဆို အချိန်တစ်ခု ခြားပြီးမှ ဒူးရင်းသီးကိုစားသင့်ပါတယ်။
(၃) ခရမ်းသီး

ဒူးရင်းသီးနဲ့ခရမ်းသီးဆိုတာ အပူစာတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ တစ်မျိုးတည်းနဲ့တင် ခန္ဓာကိုယ်မှာအပူချိန်တိုးစေတာ၊ နှစ်မျိုးပေါင်းလိုက်ရင်တော့ အပူပိုကြီးစေပြီး နေမကောင်းဖြစ်နိုင်ပါတယ်။ ခရမ်းသီးဟင်းနဲ့ထမင်းစားပြီး ဒူးရင်းသီးတွေ အချိုပွဲမစားမိစေနဲ့ပေါ့။
(၄) ဂဏန်း

ဂဏန်းဆိုတာ ခန္ဓာကိုယ်ကိုအအေးဓာတ်ပေးနိုင်စွမ်းမြင့်တဲ့ အအေးစာဖြစ်ပြီး ဒူးရင်းသီးကတော့ အပူကန်စေနိုင်တဲ့အစားအစာဖြစ်တယ်လေ။ နှစ်မျိုးလုံးတပြိုင်တည်းစားမိရင် အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပြီး အစာအိမ်မှာ ပြဿနာပေါ်လာပါလိမ့်မယ်။
(၅) အမဲသားနဲ့ဆိတ်သား

အမဲသားနဲ့ဆိတ်သားတို့ကလည်း အပူစာတွေဖြစ်တာမို့ ခန္ဓာကိုယ်ကို အပူမကြီးစေဖို့ ဒူးရင်းသီးနဲ့တွဲမစားမိသင့်ပါဘူး။ ရောဂါအခံတွေရှိနေရင် အန္တရာယ်ရှိနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly