အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်ရန် ပြင်ဆင်နေ

အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်ရန် ပြင်ဆင်နေ
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ မေ ၂၅ ။           ။ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားတစ်ရပ် ထူထောင်ရန်ပြင်ဆင်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုလိုက်သည်။

မေလ ၂၅ ရက်နေ့ ဆီဒိုးနားဟိုတယ်တွင် အစိုးရ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ILOတို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် “ အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖိုရမ်” တွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တိုင်ကြားမှုယန္တရားကအခုစနေပါပြီ။ ဆက်လက်ပြီးတော့ အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရား ထူထောင် ရေးကိစ္စ ဟာလည်းပြင် ဆင်မှုကာလလေး ပြီးသွားမယ်ဆိုရင်စမှာဖြစ်ပါတယ်။ ILO ဘက်ကတော့ ဒီကြား ကာလမှာပညာပေးတာတွေ၊ ဆွေးနွေးတာတွေ ပြင် ဆင်တာတွေကို အချိန်ယူလုပ်စေချင်ပါတယ်။ ဒါတွေ ကိုလည်း သူတို့နဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီး ကဆိုသည်။

အဆိုပါ အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားတွင် အစိုးရဝန်ကြီးဌာန အားလုံးနီးပါးမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက်ကို အခြားနိုင်ငံများ၏ အတွေ့အကြုံများအပြင် မိမိတို့ ကြုံတွေ့ခဲ့ရသည့် အချက်အလက်များအပေါ်မူတည်ကာ ရေးဆွဲသွားမည်ဖြစ် ကြောင်းလည်းသိရသည်။

“ ရှေ့လာမယ့်ကာလမှာ ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ ပိုပြီးအသိအမှတ်ပြုအောင်နိုင်ငံတော်အနေနဲ့ အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားကို ပြည့်ပြည့်စုံစုံဆောင်ရွက်သွားဖို့ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

နိုင်ငံတော်အနေဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် ၂၀၀၂ ခုနှစ်ကတည်းကလုပ်ဆောင်ခဲ့ပြီး ယခု အချိန်တွင် တိုင်ကြားမှုများ လျော့ကျလာသော်လည်း အမျိုးသားအဆင့် ယန္တရားတစ်ရပ်ကို ဖော်ဆောင် ရန်ကြိုးပမ်းနေခြင်းလည်းဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲမှ သိရသည်။

လက်ရှိတိုင်ကြားသောကြောင့် ဖြေရှင်းပေးခဲ့ရသည့် အမှုအရေအတွက်ကိုမူ ပြောဆိုခဲ့ခြင်းမရှိခဲ့ဘဲ လက်ကျန်အမှုမှာ ၁၀၀ ကျော်ခန့်ရှိနေသေးကြောင်းလည်း ဦးသိန်းဆွေကဆိုသည်။

ထို့အပြင် အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက်ကိုရေးဆွဲလျက်ရှိပြီး နိုင်ငံအဆင့် တိုင်ကြားမှု ယန္တရား တစ်ရပ် အမြန်ဆုံးထူ ထောင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း မေလ ၁ရက်နေ့က ကျရောက်သော အလုပ်သမားနေ့သို့ ပေးပို့သည့်နိုင်ငံတော်သမ္မတ သဝဏ်လွှာတွင်လည်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly