ပိန္နဲစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၇) ခု

ပိန္နဲစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၇) ခု

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပိန္နဲသီးဆို အရမ်းကြိုက်သူတွေရှိလား။ အသီးတင်မကဘူး၊ အသီးခြောက်တွေကိုပါ နိုင်ငံခြားကကို တကူးတက မှာယူကြတဲ့ သူတွေရှိပါတယ်။ ကိုယ်တွေအိမ်မှာတော့ ပိန္နဲသီးခွဲပြီဆို စားပြီးတဲ့အစေ့တွေ အမေက အကုန်ပြန်သိမ်းတော့တာပဲ။ ပိန္နဲစေ့ကို ဆေးကြော၊ ပြန်ပြုတ်ပြီး ပုဇွန်ခြောက်ငံပြာရည်ချက်လေးနဲ့ စားရတာ ထမင်းမြိန်စေတဲ့ အတွဲအဖက်ပါ။ ပိန္နဲစေ့ပြုတ်ကို ဒီတိုင်းအခွံလေးခွာစားတာလည်း သရေစာတစ်မျိုးပဲ။ ငယ်ငယ်တည်းက လူကြီးတွေစားသလို လိုက်စားခဲ့တယ်၊ စားလို့ကောင်းလို့ ကြိုက်တယ် ဒီလောက်ပဲလေ။ ဒီလောက် ကျန်းမာရေးအကျိုးကျေးဇူးရှိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။
ပိန္နဲစေ့ကနေ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ

(၁) သွေးအားကောင်းစေတယ်

ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓာတ်ပါဝင်မှုများပါတယ်။ သံဓာတ်ပမာဏအလုံအလောက်ရရှိနိုင်ရင် သွေးအားနည်းရောဂါကိုကုသနိုင်ပြီး သွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓာတ်က သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။

(၂) အစာခြေစနစ်ကို ကျန်းမာစေတယ်

တိုင်းရင်းဆေးပညာတွေအရဆိုရင် ဝမ်းချုပ်ခြင်းနဲ့ တခြားအစာခြေစနစ်ပြဿနာတွေကို ကုသဖို့ ပိန္နဲစေ့ကိုကြိတ်ထားတဲ့အမှုန့်ကို သုံးခဲ့ကြတာဖြစ်ပါတယ်။ ပိန္နဲစေ့ မှာ  အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအကျိုးပြုတဲ့ အမျှင်ဓာတ်ကြွယ်ဝနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့အခါလည်း သူ့ကို သုံးလို့ရတယ်လို့ ဆိုကြပါတယ်။ပမာဏအများကြီးမဟုတ်ဘဲ တော်သင့်သလောက်စားတာက ဆေးဖက်ဝင်နိုင်ပါတယ်။

(၃) မျက်စိအားကောင်းစေတယ်

ပိန္နဲစေ့မှာ အမြင်အာရုံအတွက် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ မျက်စိကိုအားကောင်းစေတဲ့ ပိန္နဲစေ့ က မျက်စိအတွင်းတိမ်နဲ့ အသက်အရွယ်ကြောင့်မျက်စိမှုန်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်

သုတေသနထပ်လုပ်ဆောင်ဖို့လိုသေးတယ်ဆိုပေမယ့် ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်က သွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

(၅) ကြွက်သားဖြစ်ပေါ်မှုကို အားပေးတယ်

ပိန္နဲစေ့မှာပါတဲ့ ပရိုတင်းတွေက ကြွက်သားဖြစ်ပေါ်မှုမှာ အထောက်အကူပေးပါတယ်။ အများကြီးမစားဖြစ်ဘူးဆိုပေမယ့် အနည်းအကျဉ်းတွဲစားတာလောက်နဲ့ အဆင်ပြေနိုင်ပါတယ်။

(၆) အသားအရေဝင်းစေတယ်

ဒီတစ်ခါတော့ စားဖို့မဟုတ်ဘူး။ ပိန္နဲစေ့တွေကို နွားနိုု့၊ပျားရည်နဲ့စိမ်နှပ်ထားပေးပါ။ပြီးရင် အကုန်ရောကြိတ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာ်မှာ လိမ်းပေးပါ။ ပြီးရင်ခြောက်တဲ့အထိထားပြီး ရေနွေးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။ မျက်နှာလေးဖြူဝင်းလာပါလိမ့်မယ်။

(၇) ဆံပင်သန်စေတယ်

ဗီတာမင်အေကြောင့်ပါပဲ။  ဗီတာမင်အေက ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပိန္နဲစေ့မှာကြွယ်ဝတဲ့ ပရိုတင်းဓာတ်တွေကလည်း ဆံသားကျန်းမာရေးကို အားဖြည့်ပေးနိုင်ပါတယ်။

သံဓာတ်ပါဝင်မှုကြောင့်လည်းဦးရေပြားမှာ သွေးလည်ပတ်မှုပိုကောင်းစေပြီး ဆံပင်အတွက် အကျိုးပြုတာက နောက်တစ်ချက်ပါ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ပိန္နဲစေ့က စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်စွမ်းရှိနေတာပါ။ သူ့မှာပါတဲ့ ပရိုတင်းနဲ့တခြားအာဟာရဓာတ်တွေရဲ့အာနိသင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းရဲ့အကြောင်းရင်းခံတစ်ခုဖြစ်နေတာကြောင့် ဒီနည်းနဲ့ ဆံပင်ကျွတ်သက်သာစေတာပဲဖြစ်ပါတယ်။

အသီးတွေချည်း ဝယ်စားမနေကြနဲ့ဦးနော်။ အစေ့တွေလွှင့်မပစ်ဘဲ စားကြည့်လိုက်ပါ။ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်နေတာမို့ ကြုံတဲ့အခါ စားကြည့်နော်။ ဒီအကျိုးကျေးဇူးတွေရနိုင်ပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly