မတော်တဆမှုဖြစ်ခဲ့သော MNA လေယာဉ်ကိစ္စ စစ်ဆေးရန် လေယာဉ်ကုမ္ပဏီတာဝန်ရှိသူများ ရောက်ရှိနေ

မတော်တဆမှုဖြစ်ခဲ့သော MNA လေယာဉ်ကိစ္စ စစ်ဆေးရန် လေယာဉ်ကုမ္ပဏီတာဝန်ရှိသူများ ရောက်ရှိနေ
ဓာတ်ပုံ-MNA

ရန်ကုန်၊ မေ ၂၀ ။            ။ မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘီးထုတ်မရဘဲ မတော်တဆမှု ဖြစ်ပွား ခဲ့သည့် MNA လေယာဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန် အာမခံကုမ္ပဏီနှင့် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ တာဝန်ရှိသူများ ရောက်ရှိနေပြီဟု မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၏ စီအီးအို ကပ္ပတိန်သန်းထွန်း က ပြောသည်။

လေယာဉ်ထုတ်လုပ်သည့် ဘရာဇီးနိုင်ငံအခြေစိုက် Embraer ကုမ္ပဏီအပြင် ဖိလစ်ပိုင်နိုင်ငံမှ လေယာဉ်ပြုပြင် သည့်ကုမ္ပဏီတို့မှ တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

“ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လေယာဉ်ပျံထုတ်လုပ်တဲ့ Embraer  ဘရာဇီးကုမ္ပဏီပေါ့။ သူတို့ ရောက်နေကြပြီ။ သူတို့ ပြန်စစ်မယ်။ ပြီးရင် ဖြစ်စဉ်ကို အသေးစိတ်ထုတ်ပြန်ရမှာပါ။ စုံစမ်းစစ်ဆေးရေး ကျွန်တော်တို့ဖွဲ့ထားတော့ ဒါတွေကို စုံစမ်းပြီး ထုတ်ပြန်ပေးမှာပါ” ဟု MNA စီအီးအို ကပ္ပတိန်သန်းထွန်းက ပြောသည်။

ထို့အပြင် လေယာဉ်အာမခံကုမ္ပဏီနှင့် လေယာဉ်စစ်ဆေးမည့်ကုမ္ပဏီတို့ ရောက်ရှိနေပြီး စုံစမ်းတွေ့ရှိချက်များ ကို ထုတ်ပြန်ပေးမည် သိရသည်။

လေယာဉ်တစ်စင်း၏ သက်တမ်းကို အများဆုံး နှစ် ၂၀ အထိ မြန်မာနိုင်ငံတွင် ပြေးဆွဲအသုံးပြုခွင့်ပေးထားပြီး လက်ရှိ မတော်တဆမှုဖြစ်ပွားခဲ့သည့်လေယာဉ်မှာ ၁၀ နှစ်ခန့် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

ယင်း လေယာဉ်ပြန်လည်အသုံးပြုနိုင်ရန်မှာ လေယာဉ်ပြင်ဆင်ပေးသည့်ကုမ္ပဏီအပေါ်သာ မူတည်ပြီး ပြန်လည်ပြေးဆွဲနိုင်မည့်အချိန်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် လေယာဉ် ၁၇ စီးခန့်အထိ ရှိပြီး လေယာဉ်အများစုမှာ ၆ နှစ်ခန့်အထိ အသုံးပြုထားသည့်လေယာဉ်များဖြစ်သည်။

ပြီးခဲ့သည့် မေ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဉ်ခရီးစဉ်အမှတ် UB103 ဆင်းသက်ရာ၌ ရှေ့ဘီးချမရ၍ လေယာဉ် ရှေ့ဦးပိုင်းစိုက်အနေအထားဖြင့် ဆင်းသက်ခဲ့ရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ဘီးသည် ပုံမှန်အားဖြင့် ဒေါင်လိုက်အနေအထားဖြစ်ရမည် ဖြစ်ပြီး ဖြစ်ပွားချိန်က ကန့်လန့် အနေအထား ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ဘီးချမရသောကြောင့်  အရေးပေါ်လုပ်ထုံးလုပ်နည်းအရ လေယာဉ်မှူးက လေယာဉ်ဆီကုန်အောင် ပျံသန်းပြီးမှ ဦးစိုက်အနေအထားဖြင့် ရအောင်ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းလေယာဉ် မောင်းနှင်ခဲ့သူ ကပ္ပတိန် မြတ်မိုးအောင်သည် ၂၀၁၇ ခုနှစ်က မြန်မာအမျိုးသားလေကြောင်း လိုင်း ခရီးစဉ်အမှတ် UB-202 စစ်တွေ-ရန်ကုန် Embraer-190 လေယာဉ်ခရီးစဉ်တွင်လည်း လေယိုစိမ့်မှု ဖြစ်ပွားခဲ့သော်လည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သူ ဖြစ်သည်။

ဆက်လက်ကြည့်ရှု့ရန်

မြန်မာ့ လေသူရဲကောင်း လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း

 လေယာဉ် မတော်တဆထိခိုက်မှုနှင့် ပတ်သက်ပြီး MNA လေယာဉ်မယ်နှစ်ဦး၏ အတွေ့အကြုံ

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly