ဆင်ဖြူဂိတ်တွင် မြန်မာကားသမားများနှင့်တရုတ်လုံခြုံရေးဝန်ထမ်းများ ရုန်းရင်းဆန်ခတ်ဖြစ်

ဆင်ဖြူဂိတ်တွင် မြန်မာကားသမားများနှင့်တရုတ်လုံခြုံရေးဝန်ထမ်းများ ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန်၊ မေ ၁၇ ။           ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကုန်သွယ်ရေးမြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာကားသမားများနှင့် တရုတ်လုံခြုံရေးဝန်ထမ်းအချို့ ယနေ့ နံနက်အစောပိုင်းတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ ရုန်းရင်းဆန်ခတ်ကတော့ ကားသမားကို ဟိုဘက်က တရုတ် လ.၀.က( လူဝင်မှုကြီးကြပ်ရေး ) က ဖယ်ခိုင်းရင်းနဲ့ဖြစ်ကြတာ။ ဒီဘက်က ဝိုင်းဖြေရှင်းတော့လည်း ပြီးသွားပါပြီ။ တရုတ်ဘက်ကိုလည်း နောင် အဲဒီလိုမျိုးမလုပ်ဖို့ တာဝန်ရှိသူနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြန်ပြောခဲ့တာပေါ့” ဟု မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးဥက္ကာက မဇ္စျိမသို့ ပြောသည်။

ဖြစ်စဉ်မှာ မေ ၁၇ ရက် နံနက် ၆ နာရီခန့်တွင် တရုတ်ဘက်မှနေ၍ မြန်မာဘက်သို့ ကားများဝင်ရောက်သည့် လမ်းတွင် မြန်မာဘက်မှ ကားနှစ်စီးမှာ ပိတ်ရပ်ထားသည့်အတွက် ဖယ်ခိုင်းရာမှ ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် တရုတ်လုံခြုံရေးဝန်ထမ်းများက မြန်မာဘက်ခြမ်းသို့ဝင်ရောက်ကာ မြန်မာကားသမားကို တရုတ်နိုင်ငံဘက်အခြမ်းသို့ ဆွဲသွင်းနေသည့် ဗီဒီယိုမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဥက္ကာက “ စီစစ်နေပါတယ်။ နောက်ဆိုအဲ့လိုမလုပ်ဖို့လည်း သွားရောက် ဖြေရှင်းတဲ့ ကျွန်တော် တို့ဘက်က ဌာနဆိုင်ရာတွေကပြောဆိုခဲ့ပါတယ်။ အခုတော့လည်း အဆင်ပြေသွားပါပြီ “ ဟုဆိုသည်။

ထို့ပြင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှနေ၍ ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာအစိုးရ(တရုတ်)သို့ တင်ပြသွားရန် ရှိနေကြောင်း ၎င်းက ဆိုသည်။

ဆင်ဖြူဂိတ်သည် စတင်တည်ဆောက်ကတည်းက မြန်မာနှင့်တရုတ်နိုင်ငံအကြား နယ်စပ်အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက တရုတ်နယ်စပ် ကျယ်ဂေါင်မြို့နှင့် ကပ်လျက် ရှိသော ဆင်ဖြူစျေးတွင် စျေးကော်မတီရုံးခန်း ဆောက်နေသည်ကို တရုတ်နိုင်ငံဘက်မှ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး အပါ အဝင် ယူနီဖောင်းဝတ်အင်အား ၃၀ ခန့်က လာရောက်တားဆီးခဲ့သဖြင့် မြန်မာဘက်မှ ကန့်ကွက်စာပေးပို့မှုများလည်း ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required