မြေယာပြဿနာဖြေရှင်းရာတွင် သတ္တိရှိဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းပြော

မြေယာပြဿနာဖြေရှင်းရာတွင် သတ္တိရှိဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းပြော
ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

ပုသိမ်၊ မေ ၁၆ ။         မြေယာပြဿနာများဖြေရှင်း လုပ်ဆောင်ရာတွင် သတ္တိရှိဖို့နှင့် ဆုံးဖြတ်ရဲဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

မေလ၁၆ရက်နေ့က ပုသိမ်ဟိုတယ်တွင်ပြုလုပ်သော ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားတွင် မီဒီယာ များကို ပြောလိုက်ခြင်း ဖြစ်သည်။
"တိုင်းအစိုးရက ဆက်လက်ပြီးလုပ်ဆောင်ပေးဖို့ တာဝန်ရှိတယ်။ တာဝန်ရှိတာကို တာဝန်ယူလုပ်ပေးရမယ့် အစား ဒီလိုဖြစ်နေတဲ့အတွက် လက်ရှိနိုင်ငံတော်အစိုးရမှာလည်းပြဿနာရှိတယ်။ အရင်အစိုးရမှာလည်း ပြဿနာရှိတယ်။ တာဝန်ခံ တာဝန်ယူမှု အပြည့်ရှိတယ်။ ဒီနေ့ ရှင်းလို့မရဘူးဆိုတာ သက်ဆိုင်ရာ ကုမ္ပဏီ ရှင်းစရာမလိုဘူး။ အစိုးရအဖွဲ့နဲ့ အောက်မှာ ခရိုင်ရှိတယ်။ မြို့နယ်၊မြို့နယ်အောက်မှာရပ်ကျေး အဲဒီမှာ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီရှိတယ်။ လုပ်သင့်တာကို မလုပ်ဘဲ အချိန်တွေဆွဲ ပြဿနာတွေ ရှိတဲ့ အတွက် မြေယာပြဿနာကို နောက်ဆုံးကျတော့ သမ္မတကြီးက အမိန့်ကြေငြာစာထုတ်ပြီးတော့ နှောင့်နှေး ကြန့်ကြာမရှိစေရဆိုလည်း နှောင့်နှေးကြန့်ကြာနေတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူက တာဝန်မှမယူတာ။ ဘာလုပ်မလဲဆိုတာ ထည့်စဉ်းစားဖို့လိုတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

ထို့အပြင် ဧရာရွှေဝါကုမ္ပဏီအနေဖြင့် မြေယာသိမ်းဆည်းခဲ့ခြင်းမရှိကြောင်းနှင့် မြေယာများ ဖော်ထုတ် လုပ်ကိုင်ခဲ့ခြင်းသာဖြစ်ကြောင်း သာပေါင်း၊ကျောင်းကုန်း၊ကန်ကြီးထောင့်နှင့်ပုသိမ်မြို့နယ်များ မှ မြေယာ များကို တိုင်းဒေသကြီးအစိုးရထံသို့ ၂၀၁၂ခုနှစ်တွင် ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါ မြေယာပြဿနာ များကို တိုင်းအစိုးရက ဆက်လက်ဆောင်ရွက်ရမည်ဟု ဆက်ပြောသွားသည်။

 “ပြောမယ်ဆိုရင် ဒီနေရာမှာ သတ္တိရှိဖို့လိုတယ်။ ဆုံးဖြတ်ရဲဖို့လိုတယ်။ အဲဒီလိုမှ မဆုံးဖြတ်ရဲဘူး။ သတ္တိမရှိဘူး ဆိုရင် ဒီအလုပ်မလုပ်တာ ကောင်းတယ်” ဟု ၎င်းကဆိုသည်။

သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများကို ဆောင်ရွက်နေပြီး နေပြည်တော် ၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ပါတီအတွက် စည်းရုံးဆောင်ရွက်မှုများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required