ဘေဘီလေးကို ပုခက်နဲ့သိပ်တော့မယ်ဆိုရင်

ဘေဘီလေးကို ပုခက်နဲ့သိပ်တော့မယ်ဆိုရင်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

အူဝဲလို့ အော်ရင်းလူ့လောကထဲကို ရောက်လာတဲ့ သားသားမီးမီးလေးအတွက် အကောင်းဆုံးတွေပဲပြင်ဆင်ထားပေးချင်တဲ့ မေမေဖေဖေတို့ရေ….. အခုတစ်ခေါက်တော့ ဘေဘီလေးတစ်ယောက် တစ်နေ့တာမှာ အချိန်အားဖြင့် နာရီ ၂၀ လောက်ကုန်ဆုံးနေရတဲ့ ပုခက်လေးနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ဆွေးနွေးကြမယ်နော်။

တစ်နေ့တာမှာ အချိန်များစွာကုန်ဆုံးနေရတဲ့နေရာလေးတစ်ခုက အဆင်ပြေမှ ဘေဘီလေးလည်း သက်တောင့်သက်သာဖြစ်ပြီး မေမေတို့လည်း စိတ်ချမ်းသာတော့မပေါ့။ ဒီသက်တောင့်သက်သာနေရာလေးက သက်တောင့်သက်ဖြစ်ရုံနဲ့လည်း မလုံလောက်သေးပြန်ပါဘူး။ အန္တရာယ်ကင်းဖို့လည်း လိုပါမယ်။ ဒါမှ အတိမ်းအစောင်းလုံးဝခံလို့မဖြစ်တဲ့ နုနယ်လှတဲ့ ဘေဘီလေးကို ဘေးကင်းကင်းနဲ့ ကြီးပြင်းစေနိုင်တော့မှာပေါ့။
ဘေဘီလေးအတွက် ဘေးကင်းစိတ်ချရတဲ့ ပုခက်ရွေးတဲ့အခါ

ဈေးကြီးမှလား……..

မဟုတ်ပါဘူး။ ဈေးနှုန်းထက် အရည်အသွေးကိုဂရုစိုက်ရပါမယ်။ အရည်အသွေးညံ့တဲ့ပစ္စည်းတွေက ထိခို်က်စေနိုင်ခြေပိုများတာကြောင့် အတိမ်းအစောင်းခံလို့မဖြစ်တဲ့ ဘေဘီလေးတို့အတွက် အရည်အသွေးစိတ်ချရဖို့က အရင်ဆုံးစဉ်းစားရမှာပါ။

ဒီဇိုင်းဆန်းမှလား………

ဒီဇိုင်းကို ကလေးကနားမလည်သေးပါဘူး။ မွေးကင်းစကလေးနားလည်မှာက အိပ်ရတာသက်တောင့်သက်ဖြစ်ဖို့ပါ။ ဒီတာ့ ဒီဇိုင်းဆန်းဖို့ထက် ကလေးအတွက်ရော မေမေအတွက်ပါ အဆင်ပြေဆုံးဖြစ်မှာကိုရွေးပါ။ ဒီနေရာမှာ ဘေဘီအတွက်ပြီးရင် မေမေ့အတွက် ကလေးကို ပွေ့ချီရလွယ်တဲ့ ဒီဇိုင်းမျိုးဖြစ်ဖို့ ဂရုစိုက်ရပါမယ်။

စိတ်ချရရဲ့လား………

ဒါကလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ မေတ္တာအပြည့်နဲ့ ကိုယ်ဝယ်ပေးမယ့် ပုခက်လေးက ဘေဘီလေးကို ထိခိုက်တာမျိုးမဖြစ်ချင်လောက်ဘူးဟုတ်။ ဒီတော့ ပုခက်မဝယ်ခင်မှာ ကိုယ်ဝယ်ယူမယ့် ပုခက်က ဈေးကွက်ထဲမှာ ယုံကြည်စိတ်ချရမှုနဲ့ပတ်သက်ပြီး ထောက်ခံချက်ရရှိထားလားဆိုတာကို သေချာလေးဂရုစိုက်စေချင်ပါတယ်။

ခပ်မြင့်မြင့်မှဖြစ်မှာလား……..

ကလေးအရွယ်ရောက်လာတဲ့အထိပါ အဆင်ပြေအောင်ဆိုပြီး ပုခက်ကို ခပ်မြင့်မြင့်ဝယ်ဖို့ စဉ်းစားမိနိုင်ပါတယ်။ တကယ်ကတော့ ပုခက်က မြင့်ဖို့မလိုပါဘူး။ နိမ့်လေ ဘေဘီလေးအတွက်ဘေးကင်းလေးပါ။ အကြောင်းကတော့ မတော်တဆလိမ့်ကျတဲ့အခါ အထိမနာစေဖို့ပါ။

ပုခက်တိုင်အကွာအဝေးကို ဂရုစိုက်ဖို့လိုလား…….

လိုပါမယ်။ ပုခက်ကတိုင်လေးတွေနဲ့လုပ်ထားမယ်ဆိုရင် တိုင်တစ်ခုနဲ့ တစ်ခုအကွာအဝေးက အရမ်းဝေးမနေဖို့ ဂရုပြုပါ။ ဒါမှ ကလေး ခေါင်းညှပ်တာမျိုး၊ မတော်တဆချောထွက်သွားတာမျိုးတွေမဖြစ်မှာပါ။ တစ်တိုင်နဲ့တစ်တိုင် ၂ လက်မ ကနေ ၈ လက်မခြားထားတာက အဆင်အပြေဆုံးအကွာအဝေးပါ။

စောင်အထူကြီးတွေထည့်ရမှာလား……….

နူးညံ့တဲ့ အခင်းပါးပါးလေးတစ်ခုနဲ့ သေးခံနဲ့ဆိုရင်ကို လုံလောက်ပါပြီ။ ရုပ်ရှင်တွေထဲကလို ရုပ်တွေ ခေါင်းအုံးတွေမလိုပါဘူး။ မွေးစကလေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ခေါင်းအုံးမလိုသလို အရုပ်တွေလည်း မလိုပါဘူး။ နူးညံ့တဲ့ အခင်းတစ်ခုနဲ့တင်လုံလောက်ပါပြီ။

ထောင့်ချိုးလေးတွေ ဂရုစိုက်ဖို့လိုလား……….

လိုပါတယ်။ ထောင့်ချိုးလေးတွေက ခပ်လုံးလုံးလေးတွေဆိုရင် အဆင်ပြေဆုံးပါ။ ဒါမှ မေမေရော ဘေဘီရောထိခိုက်မှုနည်းမှာပါ။

သန့်ရှင်းရေးလုပ်ဖို့လိုလား………..

ကလေးကို ပုခက်ထဲထည့်မသိပ်ခင် ပုခက်မှာရှိနေနိုင်တဲ့ ဖုန်မှုန့်တွေနဲ့ ပုရွက်ဆိတ်လိုမျိုး အကောင်လေးတွေရှိမနေစေဖို့ ခါပေးရပါမယ်။ တစ်ပတ်တစ်ခါ အခင်းတွေလျှော်ပြီး သန့်ရှင်းရေးလုပ်ပေးရပါမယ်။  အခင်းတွေကို တင်းတင်းရင်းရင်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ထားပါ။ ဒါမှ ကလေးကို အခင်းနဲ့ပတ်မိနေတာမျိုး ကလေးမျက်နှာပေါ်ကို အခင်းအုပ်မိနေတာမျိုးတွေမဖြစ်မှာပါ။

ကျိုးနေတာရှိ၊မရှိစစ်ဆေးပါ………

ကလေးရဲ့ ပုခက်မှာ ဝက်အူလျော့နေလား၊ တန်းကျိုးနေလား၊ ပျက်စီးမှုတစ်စုံတစ်ခုခုများရှိနေလားဆိုတာကို ပုံမှန်စစ်ဆေးပါ။ ဒါမှ ဘေဘီလေး မလိုအပ်ဘဲ ထိခိုက်မိတာမျိုးမရှိမှာပါ။

ပြတင်းပေါက်နားမှာမထားပါနဲ့…….

မလိုလားအပ်တဲ့ ပြဿနာတွေ၊ ထိခိုက်မှုတွေကို ကာကွယ်နိုင်စေဖို့အတွက် ကလေးရဲ့ ပုခက်ကို ပြတင်းပေါက်နားမှာ တံခါးပေါက်တွေနားမှာ၊ မှန်ချပ်တွေနား၊ အခန်းထောင့်ချိုး မျက်ကွယ်တွေမှာ မထားပါနဲ့။

အလေးချိန်ကို စစ်ဆေးပါ……

ကလေးကနေ့စဉ်နဲ့အမျှ မေမေစောင့်ရှောက်ပေးမှုကောင်းရင်ကောင်းသလို ကိုယ်အလေးချိန်ကလည်း တိုးလာမှာပါ။ ကလေးထွားလာတဲ့ အလေးချိန်ကို လိုက်ပြီး ပုခက်ကိုလည်း ပြောင်းလဲပေးဖို့လိုမှာပါ။ နှစ်သားကလေးကို လသားအရွယ်အိပ်တဲ့ ပုခက်နဲ့တော့မသိပ်ပါနဲ့။ ကလေးက ၄ လလောက်ရောက်လာပြီဆိုရင် ပုခက်လဲပေးဖို့ စဉ်းစားပါ။
ကိုယ်တွေကတော့ မိရိုးဖလာအတိုင်း အဝတ်ပုခက်နဲ့ပဲသိပ်တယ်

မြန်မာနိုင်ငံမှာ ကလေးတွေကို ပုခက် နဲ့သိပ်တယ်ဆိုတာက သစ်သားပုခက်မျိုးမဟုတ်ဘဲ စောင်လိုမျိုးအဝတ်တစ်ခုခုကို တန်းမှာ ကြိုးနဲ့ သေချာချည်ပြီး သိပ်တာပါ။ ဒီလိုသိပ်တဲ့အခါမှာလည်း သတိထားစရာလေးတွေရှိပါတယ်။

    တန်းက ကလေးရဲ့ဝန်ကိုခံနိုင်ရည်ရှိဖို့
    အဝတ်ကခိုင်ခန့်မှုရှိဖို့
    အဝတ်စကနူးညံ့မှုရှိဖို့ (ချည်စောင်လေးတွေဆို အဆင်အပြေဆုံးပါ)
    ကြိုးကခိုင်ခန့်မှုရှိဖို့
    ပုခက်အရမ်းမမြင့်ဖို့
    သိပ်ခါနီးတိုင်း ပုခက်ခါဖို့
    တစ်ပတ်တစ်ခါ စောင်လဲပြီးလျှော်ပေးဖို့
    ပုခက်တစ်ဖက်နဲ့ တစ်ဖက် အကွာအဝေးအရမ်းမနီးဖို့ကို ဂရုစိုက်ပေးရပါမယ်။

ကဲ…ဖေဖေမေမေတို့ရေ ဒီအချက်လေးတွေကို လိုက်နာလို့ ဘေဘီလေးအတွက် ဘေးကင်းစိတ်ချရတဲ့ ပုခက်လေးကို လုပ်ပေးလိုက်ရအောင်လား…………….ခုပါပဲ။ ဆံပင်ပြန်ပေါက်မှာပါ မပူပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly