ကူးစက်မြန် ခြေထောက်မှိုစွဲ ပွေးရောဂါ

ကူးစက်မြန် ခြေထောက်မှိုစွဲ ပွေးရောဂါ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပွေးဆိုတာ အရေပြားချင်း ထိတွေ့ရာမှ ကူးစက်ဖို့ အရမ်းလွယ်ကူတဲ့ ရောဂါတွေထဲက တစ်ခုပါ။ အထူးသဖြင့် ခြေထောက်မှိုစွဲရောဂါဆိုရင် အရေပြားချင်း ထိမိရုံသာမက အများသုံး ရေချိုးခန်း၊ အိမ်သာကနေလည်း ကူးစက်နိုင်ပါတယ်။ သူ့ကို ခြေထောက်မှိုစွဲ ပွေးလို့လည်း ခေါ်သလို ခြေထောက် သဲဝဲစားတယ်လို့လည်း ခေါ်လို့ရပါတယ်။

ပွေးရောဂါဆိုတာ သိပ်ပြီး စိုးရိမ်စရာ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ခံစားရတဲ့သူအတွက်တော့ ဒုက္ခက မသေးလှပါဘူး။ ယားယံတာကို မနေနိုင်ဘဲ လက်နဲ့ကုတ်မိလိုက်ရင်လည်း အသားက ပွန်းပဲ့ပြီး ပိုးဝင်သွားရင် ပိုပြီးတောင် ကုသဖို့ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်မှာ ခြေထောက်မှိုစွဲ ပွေးရောဂါ ရှိနေတယ်လို့ သံသယရှိနေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။
ဘာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာတာလဲ။

ပွေးဟာ ကိုယ်ခန္ဓာနေရာအနှံ့မှာ ပေါက်နိုင်တဲ့ ယားနာတစ်မျိုးပါ။ ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ကိုယ်ခန္ဓာ၊ ပေါင်ခြံ၊ လိင်အင်္ဂါတစ်ဝိုက် အစရှိသဖြင့် ပေါက်တဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေက အနည်းငယ်ကွဲသွားတတ်ပါတယ်။ အဓိက Tinea လို့ခေါ်တဲ့ မှိုပိုးက ခြေထောက်အရေပြားထဲ ဝင်သွားပြီး အမြစ်တွယ်လာရာကနေ ခြေထောက်မှိုစွဲပွေး ဖြစ်လာရတာပါ။

ရောဂါပိုးရှိသူနဲ့ အရေပြားချင်း ထိမိတာ၊ အသုံးအဆောင်တွေ ဝေမျှသုံးစွဲတာ၊ မှိုပိုးရှိနေတဲ့ ကြမ်းပြင်ကို ဖိနပ်မပါဘဲ ခြေဗလာနဲ့ လျှောက်ရာကနေ ကူးစက်ပါတယ်။ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ဖွားနိုင်တဲ့အတွက် အများသုံး ရေချိုးခန်း၊ သန့်စင်ခန့်၊ အဝတ်လဲခန်း၊ ရေကူးကန် ကြမ်းပြင်တွေမှာ အများဆုံး တွေ့နိုင်ပါတယ်။
ဘယ်သူတွေမှာ ခြေထောက်မှိုပွေး ပေါက်နိုင်ခြေ ပိုများလဲ။

အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အားကစားသမား၊ လေ့ကျင့်ခန်း လိုက်စားသူတွေ၊ အများသုံး ရေချိုးခန်းနဲ့ ရေကူးကန်တွေမှာ ခြေဗလာနဲ့ သွားလာနေတဲ့အခါ၊ ရောဂါပိုးရှိသူရဲ့ ဖိနပ်၊ ခြေအိတ်၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစားတွေ ယူဝတ်တာ၊ အရမ်းကျပ်လွန်းတဲ့ ဖိနပ်တွေ ဝတ်ဆင်တာ၊ အချိန်အကြာကြီး ခြေထောက်ကို ရေစိုနေတဲ့အတိုင်း ပစ်ထားတာ၊ ခြေထောက်က ချွေးတွေအရမ်းထွက်တာ၊ အရေပြား သို့မဟုတ် ခြေသည်းခွံမှာ ထိခိုက်ပွန်းပဲ့နေတာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာနိုင်ပါတယ်။
ခြေထောက်မှိုစွဲ ပွေးရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။

၁။ ခြေချောင်းကြား၊ ခြေဖဝါးမှာ ယားယံနေတာ၊ ပူစပ်ပူလောင်ဖြစ်နေတာ၊ အသားထဲက ဆစ်ကနဲ စူးနေတာ

၂။ ယားပြီး နေရခက်တဲ့ အရည်ကြည်ဖုတွေ ထွက်နေတာ

၃။ ခြေချောင်းကြားနဲ့ ခြေဖဝါးမှာ အသားတွေ အက်ကွဲနေတာ၊ အဖတ်တွေ ကွာကျနေတာ

၄။ ခြေဖဝါးနဲ့ ဘေးဘက်အရေပြားတွေက မွဲခြောက်ခြောက်ဖြစ်ပြီး မာနေတာ

၅။ ခြေသည်း အရောင်မညီဖြစ်နေတာ၊ ထူပြီး ကြေမွလွယ်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။
ခြေထောက်မှိုစွဲရောဂါကိို ဘယ်လိုကုသမလဲ။

အရင်ဆုံး အရေပြားဆရာဝန်က ခြေချောင်းကြားနဲ့ ခြေသည်းရဲ့ အခြေအနေကို သေချာကြည့်ပြီးမှ မှိုပွေးပေါက်တာ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးနိုင်မှာပါ။ ပုံမှန်အားဖြင့် ယားယံခြင်းကို သက်သာစေပြီး ပွေးပျောက်စေဖို့ လိမ်းဆေးတစ်မျိုးသာ လိုအပ်ပြီး တော်တော်လေး ပြင်းထန်တဲ့ အခြေအနေမှာတော့ ပဋိဇီဝပိုးသတ်ဆေးတွေပါ တွဲသောက်ဖို့ လိုအပ်ပါတယ်။ ပွေးရောဂါဆိုတာ သေချာကုသမှုခံယူရင် အမြစ်ပြတ်ပျောက်ဖို့ လွယ်ကူတဲ့အတွက် ကိုယ့်မှာ အရေပြားပြဿနာရှိနေတယ်လို့ သံသယရှိတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်တယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly