ရန်ကုန် ၊ မေ ၈ ။ ။ နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းသက်သာခွင့်တွင် မပါဝင်သည့် အကျဉ်းသားများက မကျေနပ်မှုကြောင့် ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်၌ မေ လ ၈ရက်နေ့ နံနက်ပိုင်းက ဆူပူမှုဖြစ်ခဲ့သည်။
“လက်ရှိကတော့ ငြိမ်သက်နေပါတယ်ခင်ဗျ။ မနေ့က အကျဉ်းသားတွေလွှတ်တာနဲ့ ပတ်သက်လို့ မကျေနပ်လို့ အော်တာ ဟစ်တာပါ။ မီးရှို့တာတွေ အကြမ်းဖက်တာတွေ လုံးဝမရှိပါဘူးခင်ဗျ” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
ဆူပူဆန္ဒပြသူအကျဉ်းသားများအား အစိုးရတာဝန်ရှိသူများမှ တွေ့ဆုံဖြေရှင်းခဲ့ပြီးနောက် လက်ရှိတွင် ငြိမ်သက်နေပြီ ဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။
ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် ကလေး အကျဉ်းထောင်အတွင်း၌လည်း ဆူပူမှု ဖြစ်ပွားခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး၊ မီဒီယာများ နှင့်ချက်ချင်း တွေ့ဆုံပေးရေး ၊လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံပေးရေး၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပေးရေး စသည့် စာသားများဖြင့် အော်ဟစ် တောင်းဆိုခဲ့ကြသည်။
ယင်းတောင်းဆိုချက်များကို သမ္မတထံတင်ပြသွားမည်ဟု ကလေးမြို့နယ် စီမံခန့်ခွဲရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မဇ္စျိမသို့ ပြောဆိုထားသည်။
နိုင်ငံတော်သမ္မတမှ မြန်မာနှစ်သစ်ကူးကာလအထိမ်းအမှတ်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ် ပေးခဲ့ပြီးနောက် အကျဉ်းသားပေါင်း နှစ်သောင်းကျော်အား နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခဲ့သည်။