သစ်တိုသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

သစ်တိုသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

သစ်တိုသီးဆိုရင် သစ်တိုသီးငပိချက်ပဲပြေးမြင်ကြမှာပဲ။ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်လည်းဖြစ်တယ်။ ဒါ့ထက်ပိုပြီး ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး တွေအများကြီးရှိတယ်ဆိုတာရော သိကြပြီးပြီလား။

သစ်တိုသီးမှာ ဗီတာမင် ဘီနဲ့ စီ ကြွယ်ဝလို့ ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ သံဓာတ် ၊ ဖော့စဖရပ်စ်တို့လည်း ထိုက်သင့်သလောက်ပါဝင်တယ်။ သစ်တိုသီးကို အိန္ဒိယ၊ ထိုင်း၊ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အစိမ်းပဲဖြစ်ဖြစ်၊ ချက်ပြုတ်ပြီးပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြပါတယ်။  အရေးကြီးတာက အစေ့ကို ဖယ်ဖို့ပါပဲ။ သူက အတွင်းသားကို အဓိကစားသုံးရတဲ့အသီးဖြစ်ပါတယ်။

(၁) ကြွက်သားနဲ့အာရုံကြောကျန်းမာစေတယ်

သစ်တိုသီးမှာ ပိုတက်စီယမ်ပါဝင်မှုများလို့ ကြွက်သားနဲ့အာရုံကြောစနစ်အတွက် အရမ်းကိုကောင်းပါတယ်။ ပိုတက်စီယမ်က ကြွက်သားနဲ့အာရုံကြောစနစ်ရဲ့လုပ်ဆောင်ချက်တွေကို အထောက်အကူပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို လည်း အားပေးပါတယ်။

(၂) သွေးတွင်းသကြားကိုထိန်းတယ်

သူ့မှာ သကြားဓာတ်ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှုမြင့်မားလို့ ဆီးချိုဝေဒနာဖိစီးနေတဲ့သူတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓာတ်က ချေဖျက်မှုစနစ်ကို နှေးစေတဲ့အတွက် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ကာကွယ်ပေးပါတယ်။

(၃) ကင်ဆာကာကွယ်တယ်

သစ်တိုသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဆဲလ်တွေဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်လာနိုင်တဲ့ အကျိတ်တွေကိုပါ လျော့နည်းစေ၊ သေးသွားစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၄) သွားကျန်းမာစေတယ်

ပန်းသီးလိုမျိုးပဲ သစ်တိုသီးကို ကိုက်ပြီးဝါးစားတာက တံတွေးပိုထွက်အောင်တံတွေးဂလင်းတွေကို နှိုးဆွပေးပြီး ခံတွင်းဘက်တီးရီးယားအရေအတွက်ကို လျော့နည်းစေပါတယ်။

(၅) ကိုလက်စထရောကျစေတယ်

Pectin ဆိုတဲ့ အမျျင်ဓာတ်နဲ့ အကျိုးပြုကိုလက်စထရောတွေပါဝင်လို့ မကောင်းတဲ့ကိုလက်စထရောတွေကို သွေးထဲမရောက်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေများနေရင် သွေးတိုး၊လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေကို ဖြစ်လာစေနိုင်တယ်။

(၆) ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ ကုသနိုင်တယ်

သစ်တိုသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေဖို့ အထောက်အကူပေးပါတယ်။ အမျှင်ဓာတ်တွေက အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို လုပ်ဆောင်ချက်ချောမွေ့အောင် ကူညီပေးနိုုင်တဲ့ဓာတ်တွေဖြစ်ပါတယ်။

(၇) အရိုးကျန်းမာစေတယ်

ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်ပါဝင်မှုကြောင့် အရိုးနဲ့သွားရဲ့သိပ်သည်းဆ ထုထည်ကို ထိန်းသိမ်းပေးတဲ့အတွက် အရိုးပွခြင်းနဲ့ သွားကြွေလွှာပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ဆေးဖက်ဝင်တာတွေ သိရပြီဆိုတော့ စျေးမှာ သစ်တိုသီးတွေ့တာနဲ့ ချက်စားလိုက်တော့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly