သတင်းသမားများ ကျင့်ဝတ်နှင့် အညီရေးသားလိုက်နာရန် နိုင်ငံ့ခေါင်းဆောင်များ တိုက်တွန်း

သတင်းသမားများ ကျင့်ဝတ်နှင့် အညီရေးသားလိုက်နာရန် နိုင်ငံ့ခေါင်းဆောင်များ တိုက်တွန်း
ရိုက်တာသတင်းထောက်များအမှုတွင်တရားရုံးသို့ လာရောက်သတင်းယူနေသည့် သတင်းထောက်များအား တွေ့ရစဉ်

ရန်ကုန် ၊ မေ ၃ ။     ။ သတင်းသမားများအနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ လေးစားလိုက်နာပြီး သတင်းရေးသားရန် နိုင်ငံ့ ခေါင်းဆောင် အကြီးအကဲများက မေလ ၃ ရက်နေ့ တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် သဝဏ်လွှာပေးပို့ပြီး တိုက်တွန်းပြောဆိုလိုက်သည်။

သတင်းမှားများ လုပ်ကြံသတင်းများကို အသုံးပြုပြီး ထိန်းကျောင်းမှု အားနည်းသည့် လူမှုကွန်ရက်မီဒီယာများမှ ပေါ်ပေါက်လာပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အလွဲသုံးစားပြုနေသည်ဟု သမ္မတ ဦးဝင်းမြင့် ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

“သတင်းအချက်အလက် တိကျမှန်ကန်မှုရှိရေး ၊ ပဋိပက္ခဖြစ်စေနိုင်သော လှုံဆော်ရေးသားမှု၊ သတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်နှင့် အာဘော်လုံးဝမပါရှိစေရေးတို့ကို စိစစ်ရွေးချယ်ဖော်ပြခြင်းဖြင့် ပြည်သူလူထု လိုလားတောင့်တ နေသော ဒီမိုကရေစီခရီးကို အထောက်အပံ့ပေးစေလိုပါသည်” ဟု သမ္မတဦးဝင်းမြင့်က ဆိုသည်။

ယင်းအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ တရားသေ အစွဲအလမ်းများ ၊ တဖက်စောင်းနင်း အတွေးအခေါ်များလျော့ပါးကာ ကြောင်းကျိုးသင့်မြတ် စဉ်းစားတတ်သည့်  အလေ့အထများ ထွန်းကားရန် နှင့် ငြိမ်းချမ်း၍ တရားမျှတသော အားလုံးတန်းတူညီမျှ ပါဝင်ခွင့်ရသည့်  လူမှုအသိုင်းအဝိုင်းများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

“သတင်းသမားများ စာနယ်ဇင်းကျင့်ဝတ်များ လေးစားလိုက်နာရေး ထိန်းသိမ်းမြှင့်တင်ရေးကိုလည်း ဂရုပြုဆောင်ရွက်ပေးကြရန် အထူးတိုက်တွန်းလိုပါသည်” ဟု ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ ပေးပို့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

မေလ ၃ ရက်ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် ၁၉၉၃ ခုနှစ်က ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံမှ အတည်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း၌ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ထုတ်ပြန်ခဲ့သည့် စာနယ်ဇင်း လွတ်လပ်ခွင့်တွင် မြန်မာနိုင်ငံသည့် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် ၁၃၈ တွင် ရပ်တည်နေသည်။ ယင်းအဆင့်သည့် ယမန်နှစ်ကထက် တစ်ဆင့် လျော့နည်းသွားခြင်းလည်း ဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် အသံအဖွဲ့၏ ထုတ်ပြန်ချက်အရ လက်ရှိအစိုးရလက်ထက်တွင် တရားစွဲဆိုခံထားရသည့် သတင်းသမား အမှုပေါင်း ၃၁ မှုရှိပြီး တရားရင်ဆိုင်နေရသည့် သတင်းသမား ၄၇ ဦးရှိနေခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ရေးသား ခဲ့သည့် ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် အစိုးရက တရားစွဲဆို ခဲ့ပြီးနောက် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ခြင်းနှင့်အပေါ် စာနယ်ဇင်းဆိုင်ရာ ဖိနှိပ်မှုဖြစ်သည်ဟု ဝေဖန်ပြောဆို မှုများလည်း ရှိနေခဲ့သည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly